Thursday, September 29, 2011

မင်္ဂလာပွဲသုံးပွဲ၏နောက်ကွယ်

မင်္ဂလာပွဲသုံးပွဲ။ တကယ်က မင်္ဂလာပွဲတွေအများကြီးရှိနေသားပဲ။ ဒါပေမယ့် ဒီမင်္ဂလာပွဲသုံးပွဲကတော့ သာမာန်ပွဲတွေနဲ့မတူ၊ တမူထူးခြားလို့နေသည်။ ပွဲသုံးပွဲက ညီအစ်မသုံးယောက်ရဲ့ မင်္ဂလာပွဲ။ ပြီးတော့ ဒီမင်္ဂလာပွဲသုံးပွဲသည် တိုင်းပြည်တပြည်ရဲ့ သမိုင်းစဉ်တခု

ဒီညီအစ်မသုံးယောက်ကိုရည်ညွှန်းတဲ့ဆောင်ပုဒ်လေးတခုရှိပါတယ်။ one loved money, one loved power, one loved her country" (Chinese: 一個愛錢、一個愛權、一個愛) တယောက်ကငွေကိုမက်တယ်၊ တယောက်က အာဏာကိုမက်တယ်၊ တယောက်ကတိုင်းပြည်ကိုချစ်တယ်တဲ့။ သူတို့ညီအစ်မသုံးယောက်ဆိုတာ ဆုန်အားလင်၊ ဆုန်ကျင်းလင်နဲ့ ဆုန်မေလင်တို့သုံးယောက်ပေါ့။

သူတို့သုံးယောက်ရဲ့ အဓိက ပျိုးထောင်သူက သူတို့အဖေ ချာလီဆုန်ပါ။ သမီးတွေကိုအမေရိကားလွှတ်ပညာသင်စေပြီး တရုတ်ပြည်သစ်ဖြစ်အောင်လုပ်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ မျိုးရိုးအရလည်း တရုတ်နန်းတွင်းပညာရှင်မျိုးရိုးက ဆင်းသက်လာကြတာဖြစ်ပါတယ်။ အခုလိုစနစ်တကျ ပျိုးထောင်မှုအောက်မှာ ဆိုတော့ အတတ်ပညာ အသိပညာတွေက သာမန်မိန်းမပျိုတွေနဲ့ ကွာခြားစေခဲ့သည်ဆိုတာက ငြင်းဆိုလို့မရနိုင်တော့။

အားလင်က ငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုတာကို ခံယူထားတဲ့သူမျိုး။ သူအိမ်ထောင်ပြုခဲ့တဲ့သူက တရုတ်ပြည်မှာ အဲ့ဒီခေတ်ကာလက အချမ်းသာဆုံးဆိုတဲ့သူ ပြီးတော့ ဘဏ္ဍာရေးဝန်ကြီး။ ခွန် (H H Kung)က တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းတွေကို တိုးတက်များပြားအောင်ချဲ့ထွင်ခဲ့တဲ့သူမို့ အားလင်ရဲ့ ဘဝနဲ့ဆန္ဒတထပ်တည်းကျခဲ့ပုံပါပဲ။ အဲ့ဒီတော့ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ တရုတ်နိုင်ငံရဲ့ ငွေကြေးစီးဆင်းနေမှု တည်ရှိနေတာပေါ့။

တိုင်းပြည်ကိုချစ်တဲ့သူကတော့ ကျင်းလင်။ ကျင်းလင်ရဲ့ မင်္ဂလာပွဲကို ဘယ်သူကမှ သဘောမတူခဲ့ကြပါဘူး။ ကျင်းလင်ရဲ့ အိမ်ထောင်ဖက်က တရုတ်နိုင်ငံရဲ့ဖခင်လို့ ပြောကြရတဲ့ ဒေါက်တာဆွန်ယက်ဆင်ပါ။ တကယ်တော့ ဆွန်ယက်ဆင်ရဲ့တော်လှန်ရေးကို တောက်လျှောက်မတည်ပေးလာတာ သူ့သူငယ်ချင်း ချာလီဆုန်ပါပဲ။ ငွေကြေးသာမက သမီးတွေကိုပါ လုပ်အားပေးစေလွှတ်ရင်း ကျင်းလင်နဲ့ဆွန်ယက်ဆင်တို့ ငြိတွယ်ခဲ့ကြတာ။ သူတို့နှစ်ယောက်ရဲ့အသက်ကွာခြားချက်က ၂၆နှစ်တောင်မှ။ ပြီးတော့ ဆွန်ယက်ဆင်က အိမ်ထောင်ရှိတာမို့ အိမ်ကလုံးဝသဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် ဆွန်ယက်ဆင်အတွက် ကျင်းလင်တယောက် အိမ်ကနေ ဆန့်ကျင်ပြီး ထွက်သွားခဲ့တယ်။ တိုင်းပြည်အတွက် အနစ်နာခံ ကြိုးပမ်းနေတဲ့ ယောင်္ကျားတယောက်နောက်မှာ အခုလို ကူညီပါရမီဖြည့်ဆည်းပေးမယ့် မိန်းမမျိုးလည်း ရှိတတ်ပါတယ်။ ဆွန်ယက်ဆင်ကွယ်လွန်သွားတဲ့နောက်မှာတောင် သူမရဲ့တိုင်းပြည်ချစ်စိတ်နဲ့ ကူမင်တန်တွေရဲ့ ကွန်မြူနစ် ဝါဒကို ဆန့်ကျင်ခဲ့တယ်။ သူ့ညီအစ်မနှစ်ယောက်စလုံး အမေရိကန်မှာ အခြေချနေထိုင်ခဲ့ကြပေမယ့် ကျင်းလင်ကတော့ ပြည်မကြီးမှာပဲ ခေါင်းချသွားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံ့ရေးရာလုပ်ငန်းတွေ အားလုံးမှာ တတပ်တအားပါဝင်ခဲ့တာမို့ ကျင်းလင်ကိုလည်း တရုတ်ပြည်သူတွေက ချစ်ခဲ့ကြတာနေမှာပါ။

အာဏာကိုချစ်တဲ့သူကတော့ မေလင်ပါ။ မေလင်လက်ထပ်ခဲ့သူက ကူမင်တန်တို့ရဲ့ ဖခင်ကြီး ချန်ကေရှိတ်ပေါ့။ မေလင်တို့ကိုလည်း အိမ်က သဘောမတူကြပါဘူး။ မေလင်တို့ကို လက်မထပ်ခွင့်မပြုခင် ချန်ကေရှိတ်ကို မေလင်တို့အမေက အချက်နှစ်ချက်သဘောတူညီမှု အရင်ပြုစေခဲ့ပါတယ်။ တစ်ချက်က လက်ရှိအိမ်ထောင်နဲ့ ကင်းကင်းရှင်းရှင်း ဖြစ်သွားအောင် လုပ်ပေးဖို့ရယ်၊ နောက်တစ်ချက်ကတော့ ကိုးကွယ်တဲ့ဘာသာပြောင်းပေးဖို့ပါ။ ကတိတွေပေးရင်း ချန်ကေရှိတ်က မေလင်ကို အရယူနိုင်ခဲ့ပါတော့တယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအစိတ်အပိုင်းများစွာဟာလည်း မေလင်လက်ထဲကို အလိုလို ကျရောက်လာပြန်တယ်။ မေလင်ဟာ ချန်ကေရှိတ်ရဲ့ နားမျက်စိပဲပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သည်အထိ မေလင်ရဲ့ အောင်မြင်မှုက တစထက်တစ ကြီးမားနေခဲ့တယ်။ ၁၉၃၇ မှာ ကမ္ဘာကိုဦးတိုက်ပြောကြားနေတဲ့ သူ့ရဲ့ဗီဒီယိုရယ်၊ ၁၉၄၃ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာတဲ့ ဗီဒီယိုတွေကို ကြည့်ဖူးရင် သူ့ရဲ့အင်္ဂလိပ်စာပိုင်နိုင်မှု အသံထွက်ပီသမှုတွေကို လေ့လာနိုင်ပါတယ်။

မေလင်ဟာ ပန်းချီဆွဲသည့် အနုပညာရှင်တယောက်ဖြစ်သလို၊ ကြက်ခြေနီသူနာပြုကောင်းတယောက်၊ မိဘမဲ့ကျောင်းတွေကို ထူထောင်ပေးခဲ့သူတယောက်လည်းဖြစ်ပါတယ်။ တရုတ်ပြည်တွင်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ အမျိုးသမီးတယောက်လို့ ပြောရင်လည်း မမှားပါဘူး။

နေ့စဉ်နေ့စဉ် မင်္ဂလာပွဲတွေကတော့ အများကြီးရှိနေတတ်ပါတယ်။ မင်္ဂလာပွဲတွေရဲ့နောက်မှာ သတိုးသားနဲ့သတို့သမီးရဲ့ ဖြစ်တည်မှုတွေ အများကြီးပေါ့။ တချို့လည်း မကြာခင်မှာ ကွဲသွားတတ်ကြတယ်၊ တချို့လည်း အောင်မြင်တဲ့ အိမ်ထောင်ရေးတွေဖြစ်၊ တချို့လည်း သားသမီးတွေ အများကြီးပွားစီးလို့ပေါ့။

အခုမင်္ဂလာပွဲသုံးခုရဲ့နောက်မှာတော့ တိုင်းပြည်ကြီး တပြည်ရဲ့ အနာဂါတ်၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အောင်မြင်မှုဆိုတာတွေပါ ကပ်ပါနေခဲ့တာတော့ ထူးဆန်းလွန်းပါတယ်။ ပြီးတော့ ဒီမင်္ဂလာပွဲသုံးခုလုံးဟာ အိမ်တအိမ်ထဲက ညီအစ်မသုံးယောက်ရဲ့ပွဲ။ သတို့သားတွေကလည်း တိုင်းပြည်ရဲ့ ထိတ်ထိတ်ကြဲ တွေချည်း။

အင်း ဒီမင်္ဂလာသုံးပွဲရဲ့နောက်မှာ တရုတ်ပြည်ကြီးတခု အရင်တုန်းက ဖြစ်တည်ခဲ့ဖူးတယ်ဆိုပါတော့……။



မှတ်ချက် = စာဖတ်သူတစ်ယောက်ရဲ့ ပို့စ်လေးပါ နောက်လည်း သူ့စာတွေ တင်ဖြစ်အုံးမှာပါ ။

Monday, September 26, 2011

ငယ်ငယ်တုန်းက ...ကျနော်


ငယ်ငယ်တုန်းက အကြောင်းတွေတွေးဖြစ်တယ် ။ လူတိုင်း လူတိုင်းမှာ ပျော်ရွှင်စရာ အတိတ်နေ့ရက်တွေ အရင်တုန်းက ဟန်ဆောင်မှုကင်း တကယ့်အဖြူထည် ဘ၀လေးတွေရှိခဲ့ကြမယ်ထင်ပါတယ် ကျနော်ကတော့ မကြာမကြာပြန်တွေးတယ် ပြန်တွေးတိုင်းလည်း ပြုံးမိပါတယ် တကယ်ပဲ ငါ အဲ့တုန်းက အဲ့လိုတွေလုပ်ခဲ့ပါလားဆိုတဲ့ စိတ်မျိုးနဲ့ပေါ့ ပြီးပြည့်စုံလွန်းတဲ့ ဘ၀မျိုးလည်းမဟုတ်ခဲ့ပါဘူး လိုတရ ဘ၀မျိုးလည်းပိုလို့မဟုတ် ဒါပေမယ့် ကျနော်ကတော့ ကျနော့် ခလေးဘ၀နေ့ရက်တွေကို ထီးဆိုင်ရဲ့ သီချင်းစာသားလေးထဲကလို အပူပင်ကင်းတဲ့ နေ့ရက်တွေကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုသလိုပေါ့ ။

ငယ်ငယ်တုန်းက ကျနော် နေမကောင်းသိပ်ဖြစ်ချင်တာပါ ရွာမှာက အစားသောက်ရှားတယ် မုန့်သည်ကလည်းနည်းတယ် အမေ့ရဲ့ဆိုင်လေးထဲက မုန့်တွေကလည်း ငြီးငွေ့စရာ ကောင်းပြီ အဲ့တော့မစားချင်တော့ဘူး အရင်က 7 up Crusher အချိုရည်တွေကို သိပ်သောက်ချင်တာ မသောက်ရပါဘူး တစ်ခါတလေ အဲ့ပုလင်းလေးကို ရှူရတာ သိပ်အရသာရှိမှာပဲလို့လည်းတွေးမိတယ် ပြီးတော့ ပုလင်းထဲမှာ ကပ်ကျန်နေတဲ့ အရည်လေးတွေကို ပုလင်းကိုထောင်ပြီးမော့၇တာလည်း တကယ့်ကို အရသာရှိတာမျိုး ။ အဲ့တာတွေကို ကျနော်မတောင့်မတပဲ သောက်ရတဲ့ အချိန်က ကျနော် နေမကောင်းဖြစ်တဲ့အချိန်ပေါ့ ပြီးတော့ အမေက ဆီချက်လေးချက်ထားပေးမယ် ပုဇွန်ခြောက်လေးနဲ့ နယ်ပြီးစားရတာမျိုး အမေ့ သားက ငရုပ်သီးစိမ်းလေးကို လှီးပြီး ငါးခြောက်လေးစင်း ကင်ပွန်းရွက်လေးနဲ့ကြော်ထားတာမျိုးစားချင်တာဗျ ဘယ်လိုပူဆာဆာ အမေကတော့ ချက်ကျွေးတာပဲ အဲ့အချိန်ကျတော့ပြောပါတယ် ဒီပါးစပ်က စားမကောင်းတော့ဘူး



အငယ်တုန်းက ကျနော်က မီးဖိုချောင်ထဲမှာ ၀ိုင်းကူရတာကိုပျော်တယ် ထမင်းအိုးက ဆူတုန်းက ကိုယ်က ဗိုက်ဆာတဲ့အခါကျ သောင်းကျန်းတယ် အားးး ဗိုက်ဆာနေပြီးလို့ ဆာတယ် ဆာတယ် ဆာတယ် ငှဲ့လိုက်တော့ မဆူလည်းငှဲ့တော့ ပါးစပ်ပြဲပြဲနဲ့ အော်တော့တာ အဲ့အခါကျ မကြီးရဲ့ ယောက်မ ကကျနော့်ခေါင်းပေါ် ပျံဝဲလို့ နင်ဟာလေ အကောင်သေးသလောက် အစားနဲ့ပက်သက်ရင်မရဘူး မဆူသေးတာကိုဘယ်လို ငှဲ့မတုန်း ကျနော်ကတော့ပေတေပြီး ခြေလိမ်လို့ မီးဖိုချောင်ကြမ်းပြင်မှာ လှိမ့်နေတော့တာ ။ ပြီးရင် ဘဲဥ ၀ိုင်းခွာပေးရတာ သိပ်ပျော်ပါတယ် ဒါက အကြံနဲ့ ကျနော်က ဘဲဥခွာပြီဆိုရင် အသားကို မပါပါအောင်ခွာတာမျိုး အဲ့ဒီဥ အကာလေးတွေ အခွံမှာ ကပ်နေရင် ကျနော်က အကာလေးတွေစားရတာပေါ့ ကျနော် ဘဲဥ၀ိုင်းခွာလို့လည်းပြီးကော အထဲမှာအနှစ်ပဲကျန်တော့တယ်း) မတော်တဆပါ မကြီး ဒါလေးပဲကျန်တော့တယ် သားစားလိုက်တော့မယ် နော့် မကြီးကတော့ ငါသိပါတယ်ဆိုတဲ့ မျက်လုံးနဲ့ စားပြီးရင် မီးဖိုချောင်ထဲက မြန်မြန်သာကြွတော့တဲ့ အဲ့တာရွဲ့တာ ။

အရင်က ဖိနပ်ဆို တစ်ရံပြတ်မှ တစ်ရံ ၀ယ်စီးရတာ ယိုးဒယားဖိနပ်ဆို နှစ်နဲ့ချီ နောက်ပိုင်းလေးပြတ်တဲ့အထိကိုစီးရတာမျိုး အရမ်းကြာနေရင် မစီးချင်တော့ဘူး တောသားကမြို့စိတ်ဝင်သလိုမျိုးပေါ့ တစ်ရံမကုန်သေးပဲနဲ့တော့ နောက်ထပ်တစ်ရံရဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး အဲ့တော့ တမင် လုပ်ဖျောက်တာဖြစ်ဖြစ် ဒါမှမဟုတ်ရင်တော့ ဖိနပ်သဲကြိုးကို ဓားနဲ့ခိုးဖြတ်လိုက်တယ် အဲ့တော့ ပြတ်ကော ပြတ်တော့ နောက်ထပ် အသစ်တစ်ရံရတာပေါ့ တစ်ခါတလေ ကျနော့်ဖိနပ် ဟောင်းနေရင် အမေက ကျနော်လုပ်ဖြတ်တော့မှာသိနေတယ် ငါ့သားဖိနပ်က ပြတ်ခါနီးနေပြီဟဲ့ အမေက ပြုံးပြီးပြောတတ်တယ် ကျနော်ကလည်း ပြုံးလို့ပေါ့ အဲ့တုန်းကတော့မသိဘူး အခုမှပြန်တွေးကြည့်မိတာ ငယ်ငယ်တုန်းက ငါက တကယ့်ခလေးပဲလို့း) ။

ရှိသေးတယ် ကျနော်က အငယ်ဆုံးဆိုတော့ တော်တော် အူပုတ် မနာလိုတာမျိုးလည်းဖြစ်တာပဲ သူများရရင် ကျနော်လည်းရရမှ မဟုတ်ရင် စိတ်ကမရဘူး တစ်နေကုန် ခေါင်းမြီးခြုံပြီးတော့ကို နေနေတာ ဘာမှလည်းထမစားဘူး လူလစ်ရင်တော့ မီးဖိုထဲလစ်လို့ ပြေးတီးလိုက်တာပေါ့ ။ အမေက အစ်မတွေ အစ်ကိုတွေကို အ၀တ်စားသစ်ဝယ်ပေးရင် ကျနော့်အတွက်မပါလို့ကတော့ သောင်းကျန်းပြီ အစ်ကိုတွေ အကျပဲ ကျနော်က၀တ်ရတာများတယ် စိတ်ကပုတ်တော့ အစ်ကို အစ်မတွ အ၀တ်စားသစ်ကို ၀ှက်ထားတာမျိုး ကြက်ခိုးစင်ပေါ် ပစ်တင်ထားတာမျိုး ကြက်ခြံထဲ ပစ်ချလိုက်တာမျိုး အိမ်ခန်းထဲက ချောင်တစ်ချောင်မှာ သွားဝှက်ထားလိုက်တာမျိုးတွေလုပ်တတ်ပါတယ် ပျောက်လို့ကတော့ ဗေဒင်မမေးနဲ့ အမေ့သား ကြောင်ချေးလုပ်လိုက်ပြန်ပြီ တဲ့ အဲ့အခါဆိုရင်တော့ ကျနော့်ကိုတင်မှ မြှောက်မှ ပြန်ပေးတတ်တယ် ဈေးဆိုင်က တစ်ခုခု ဒါမှမဟုတ် ကျနော် သဘောကျလောက်မယ့် အရာတစ်ခုခု ပေးမှ သားက သိမ်းထားတာ ဟိုးနားမှတွေ့လို့ ၀ှက်ထားတာမဟုတ်ဘူး တကယ်ပြောတာ ရုပ်တည်ကြီးနဲ့ အဲ့လိုညာတာပါ အစ်ကို အစ်မတွေက တော့ အေးပါ အေးပါ တဲ့ ငါတို့သိပါတယ်ဆိုတဲ့ သဘော။

အချိန်ဆိုတာ လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ် ငယ်ငယ်တုန်းက ကျနော်ဟာ အခုကျနော် ဟုတ်ရဲ့လားလို့ ကိုယ်တိုင်တောင်ပြန်တွေးယူမိပါတယ် ဘာပဲဖြစ်ဖြစ် ဘယ်လိုတွေဆိုးခဲ့ဆိုးခဲ့ အငယ်တုန်းက အမှတ်တရတွေကတော့ တကယ့်အဖြူထည်တွေပါပဲ အချိန်က လူတစ်ယောက်ကို ၁၈၀ မဟုတ်ရင်တောင် ၉၀ ဒီဂရီလောက်ပြောင်းလဲသွားစေနိုင်ပါတယ် အခု ဒီအရွယ်ခံစားမှု ဖြတ်သန်းမှုတွေကို နောင် အနှစ် ၂၀ လောက်ပြန်တွေးမိတဲ့အခါကျ ကျနော် ဘယ်လိုခံစားချက်မျိုးတွေရှိနေနိုင်မှာလဲ သိပ်စိတ်ဝင်စားပါတယ် ကျနော် အဲ့အချိန်ထိရှိနေသေးရင်ပေါ့ ပြီးတော့ ဒီဇာတ်ခုံလေးလည်းရှိနေသေးရင် ဇာတ်ခုံလေးနဲ့ ဆက်နွယ်ခဲ့ဖူးသူတွေအားလုံးလည်း ဘယ်လိုဖြတ်သန်းမှုတွေရှိနေနိုင်မှာလည်းဆိုတာ တစ်မျိုးတော့စိတ်ဝင်စားစရာကောင်းနေပြန်ကော။လူကြီးမင်းတို့ကော ????

Friday, September 23, 2011

Blogger MgMyo for Ayeyarwady

သူ့ရင်ခွင်မှာ မခိုလုံဖူးသေးပါဘူး သူ့ကို မျက်နှာချင်းဆိုကြည့်လို့ သူ့ရဲ့ အေးမြမှု သူ့ရဲ တကယ့် အလှစစ်စစ်ကြီးကိုလည်း မျက်ဝါးထင်ထင် မမြင်ဖူးသေးပါဘူး ဒါပေမယ့် သူ့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ကျေးဇူး ရာဇ၀င်ဖြစ်ရပ်များကိုတော့ ခံစားမိပါရဲ့ ။ တကယ်တော့ ကိုယ့်ရဲ့ စာတစ်ကြောင်း ပို့စ်တစ်ပုဒ်ဟာ သဲပွင့်လေးတစ်ပွင့်စာလောက်တောင် အရာရောက်ပါ့မလားလို့တောင်မတွေးရဲပါဘူး ဒါပေမယ့် သူများအော်လို့ လိုက်အော်တယ်ပဲဆိုဆို ဘတစ်လုံး ၀တစ်လုံးမသိပဲ လူတတ်ကြီးလုပ်တယ်ပဲ ဆိုဆို သူ့အတွက် ကျနော်လည်း ငိုငြီးကြည့်ချင်ပါသေးတယ် ကျနော်လည်း သူဆိုတဲ့ မိခင်ကြီးရဲ့ သားတစ်ယောက်လို့ ကျနော့်ကို ကျနော် ယုံကြည်ပါတယ် ။ မိခင်နဲ့ သားသမီးကြားက သံယောဇဉ် ဒဏ်ရာတွေ ပွထလို့နေတဲ့ မိခင်ကြီး ဟော့ဒီလောကထဲက ပျောက်ကွယ်မသွားဖို့ ကျနော်လည်း ဆီမန်း မန်းသလို မန်းမှုတ်ခွင့်ရှိတယ်ဟုတ် ။


မိခင်
အားတင်းထားပါ မိခင်
အရင်လိုပဲ သားတို့ရဲ့ဆာလောင်မှုတွေကို ဖြည့်စည်းပေးပါအုံး။
ကယ်ပါအုံး မိခင်
ပျောက်ဆုံးမှာကြောက်လို့
ငိုငြီးနေကြတဲ့ အသံတိတ်မျက်ရည်တွေကို ဖြေသိမ့်ပေးပါအုံး။
အားတင်ထားပါအုံး မိခင်
ဘ၀တစ်လျှောက်လုံး ပေးဆပ်ခဲ့သလို
နောင်လည်း သားတို့နဲ့ အတူ ဆက်ရှိပေးနေပါအုံး။











ဧရာဝတီနဲ့ပက်သက်တဲ့ သတင်းတွေ စာတွေ ဖတ်ရကတည်းက လုပ်ချလိုက်ပြန်ပြီး ဘကြီးတို့ရာလို့ စိတ်ထဲဖြစ်မိပြန်။သင်တန်းမှာ အဖွဲ့လေးတစ်ခုက ဦးစီးပြီး တူတူတက်နေတဲ့ ညီမလေးတစ်ယောက်က လက်ကမ်းစာစောင်လေးတွေ ဝေပြီး ဖတ်ကြည့်ပြီး သဘောတူရင် လက်မှတ်ထိုးပေးပါတဲ့ စာစောင်လေးကိုမဖတ်ရသေးဘူး ကိုယ်လည်း သိပြီးသားမို့ ချက်ချင်းပဲ ထိုးပေးလိုက်တယ် ပြီးတော့ စကားနည်းတဲ့ အဲ့ညီမလေးကိုယ်စား နှုတ်သွက်လျှာသွက်နဲ့ နီးစပ်ရာကို စည်းရုံးလိုက်တယ် လူရင်းတွေဆို အတင်းကိုထိုးခိုင်းပစ်လိုက်တယ် တစ်ချို့ ခလေးတွေက မသိသေးဘူး တစ်ချို့က “ ဟယ် အဲ့တာဆို ဘယ်လိုလုပ်မလဲ ဒုက်ခပဲပေါ့” တဲ့ ဘာမှမသိသေးတဲ့ သူတွေကိုတော့ အကျဉ်းရုံးလေး ရှင်းပြလိုက်တယ် “ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က မြန်မာနိုင်ငံသားတစ်ယောက်ပဲ အစ်ကိုကတော့ ပါဝင်သင့်တယ်လို့ အကြံပေးချင်တယ်” သူတို့လေးတွေ အားလုံး လက်မှတ်ထိုးပေးကြပါတယ် ။ အခုချိန်မှာ ကျနော်တက်နိုင်သလောက်လေး ပဲလုပ်ပေးနိုင်တာ ဘာမှမဟုတ်ဘူးဆိုတာလည်းသိပါရဲ့ တက်နိုင်ရင်တော့လား တစ်ခါတလေ အက်ရှင်ကားတွေကြည့်ပြီး ဘယ်လိုစိတ်ကူးမိတယ်ထင်ပါသလဲ ဂျိမ်းစဘွန်းတို့များ ဒီလောက် လက်ဖြောင့်တာ ငါတို့ဆီကိုလာပြီးတော့များ ဘဘကြီးတို့ကို နှာဖူးတည့်တည့် ပစ်ထည့်လိုက်စမ်းပါလို့တောင် ခလေးမဟုတ် ဘာမဟုတ်နဲ့ ခလေး အတွေးတွေ ၀င်မိတယ် ။

Bloggers for Ayeyarwady အတွက် ကျနော်ရဲ့ စကားလုံးတွေ ရှားပါးလွန်းတဲ့ပို့စ်လေးပါ တကယ်တော့ အများကြီးဒီ့ထက်ပို နက်ရှိုင်းတဲ့ ခံစားမှုတွေရှိပါသေးတယ် စကားလုံးတွေနဲ့ ပစ်ပေါက်ရတာ အားတော့ပြတ်တယ်ဗျာ မိခင်ဧရာဝတီ အစဉ်ထာဝရတည်မြဲပါစေ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ အရင်လို မီးမမှန်နေ့ညများကိုသာ ပျော်မွေ့ပါကြောင်း အဆိုပြုပါတယ် ။

ခံစားချက်များစွာဖြင့် “မောင်မျိုး”

Tuesday, September 20, 2011

စမ်းရေကြည်

သမီးလေး

သမီးလေးမွေးပြီတဲ့………

လက်ထဲမှာထွေးပွေးထားရသည့် အနှီးဖွေးဖွေးတွင် သမီးလေးရှိနေသည်။ ငါ့သမီးလေး ငါ့သမီးလေး လို့ နှုတ်မှတဖွဖွရေရွတ်ရင်း ထပဲခုန်ရမလို လူက ငြိမ်သက်ချင်ယောင်ဆောင်လျက် ရင်က တလှပ်လှပ်ဖြစ်လို့သာနေသည်။ ဘေးပတ်ပတ်လည်ကလူတွေ အားလုံးရဲ့ လက်ကို ကိုင်ဆွဲပြီး ပြောပြလိုက်ချင်သည်မှာ အဲ့ဒါ ကျနော့သမီးလေး ဟုပင်ဖြစ်သည်။

သမီးလေး၏ ပါးနုနုထွေးမှာ ဆံခြည်မျှင်သွေးကြောတွေ မြင်နေရသည်။ ဖအေတူအောင် ပါးဖောင်းဖောင်းလေး မွေးပေးမည် ဟုပြောစဉ်က ရီမောနေမိသမျှ အခုတော့ တကယ်လုပ်ချလိုက်ပြီလို့ အားရကျေနပ်မိ၏။ ဆံပင်ပါးပါးလေးနဲ့တော့ မလုပ်ပါနဲ့လို့ ကန့်ကွက်မိသည်မှာ သားလား သမီးလား မသိစဉ်ကတည်းကပင်။ သားလေးလိုချင်သလား သမီးလေး လိုချင်သလားလို့ မေးတော့ အဖြေ မရှိ။ ရွေးချယ်ရန်မလိုသော မေးခွန်းကို မေးရန်ကောလို့ ကန့်ကွက်ချင်သည်။ ဘာလေးဖြစ်ဖြစ်ပါ လို့ဖြေရင်း အခုတော့ သမီးလေးဖြစ်နေပြန်သည်။

သမီးလေးဆိုတော့ မိန်းမတို့ဘုန်း ဆံထုံးဆိုတာနဲ့ညီအောင် ဆံပင်ထွေးထွေးကွေးကွေးလေးတွေ မြန်မြန်ရှည်ဖို့ အခုကတည်းက စီမံချက်ဆွဲနေမိပြန်သည်။ မွေးဆံပင်တွေ ရိတ်ရဦးမယ်ဆိုတော့ ဆံပင်တွေပြန်မထွက်လာခဲ့ရင်ဆိုတဲ့ အပူတခုကို စီးကူးဖို့အဆင်သင့်။ နှုတ်ခမ်းနုနုထွေးကို ရဲရဲလေးနီတျာအောင် ဘယ့်နှယ်လုပ်ပါ့ဆိုတာလည်း ပါသည်။ ဇင်ယော်တောင်မျက်ခုံးဖြစ်ဖို့ လက်ဖက်ရိုးနဲ့ ဆွဲပေးဦးမှ ဆိုတာလည်းမချန်။ ပန်းတွေကိုမခြွေပဲ အကုံးအခက်အဖြစ် သမီးခေါင်းပေါ်မှာ ပန်းပေးချင်စိတ်တွေလည်း တဖွားဖွား။ မိန်းမကောင်းပန်းပန် တပွင့်တဲ့ သမီးရယ်လို့ ပြောရအောင်လည်း အပြန်တရာပင် စောလို့ နေပြန်သည်။ တကယ်က သမီးလေးသည် ပုခက်တွင်း ပင် မရောက်တတ်သေး မဟုတ်လား။

သမီးလေးကို မြန်မာဆန်ဆန် ဝတ်ဆင်စေဖို့ သွန်သင်ရမည်။ သနပ်ခါးဖြင့် အသားအေးအောင်၊ ကရမက်ဖြင့် အသားမွှေးအောင် ဘယ်သို့ဘယ်ပုံရယ် နားဝင်စေချင်သည်။ မြန်မာ့ရိုးရာချည်ထည် အဆင်ဆန်းဆန်းများဖြင့် သမီးကို တခေတ်ဆန်းနေစေချင်သည်။ ကတ္တီပါပုံတော်ထူထူ စီးပြီး အိနြေ္ဒအပြည့်ဖြင့် လမ်းလျှောက်တတ်သော သမီးကို စိတ်ထဲက မြင်ယောင်သည်။ နေဦး ပညာတတ် မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ ဆိုတဲ့ ခေါင်းစဉ်ကိုကော အဘယ်စုတ်တံနဲ့ စဆွဲ ရမည်နည်း။ သမီးလေး ဖတ်ဖို့ စာအုပ်တွေကို စာအုပ်စင် ပေါ်ကနေ ချပြီး စီနှင့် နေချင်ပြန်သည်။ သမီးလေး ပထမဆုံးစဖတ်သော စာအုပ်သည် ပါရဂူ၏ စိတြပိယာ ဖြစ်မလား ဗုဒ္ဓဘာသာကောင်း တယောက်ဖြစ်စေမလား သူကိုယ်တိုင်ပင် မဝေခွဲတတ်ပြန်။ ကျောင်းတောင်မှ ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမသော ကျောင်းမှာထားဖို့ ကျောင်းများ စာရင်းစပြုစုနေပြီ။ အမှန်က သမီးလေးသည် စာရေးစာဖတ်ဖို့ ဝေးလို့ မျက်လုံးလေးပင် မြင်တတ်မည် မဟုတ်သေး။

ဘက်စုံတော်သော သမီးလေးဖြစ်ဖို့ အားကစားကိုလည်း ထက်သန်စေချင်သည်။ သမီးလေး အားကစားကို စိတ်ဝင်စားလာအောင် အိမ်မှာ အားကစားပြိုင်ပွဲများ ပြသော လိုင်းတွေထပ်ထည့်ဖို့။ နောင်တချိန်မှာ အောင်မြင်သော တင်းနစ်မယ်ဖြစ်ဖြစ် ဂေါက်သီးရိုက်မယ်ဖြစ်ဖြစ် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ့လို အပြေးသန်သော သမီးလေးလည်း ဖြစ်လာနိုင်သည် မဟုတ်လော။ သို့ရာတွင် သမီးလေးသည် လမ်းလျှောက်တတ်ဖို့ထားလို့ ဟိုဘက်ဒီဘက်တောင် တိတိပပ မယိမ်းတတ်သေးသော ရင်ခွင်ပိုက်။

မိန်းကလေးပီပီသသဖြစ်ဖို့ သမီးလေး မေမေကို သွန်သင်ခိုင်းရမည်။ သမီးလေးကို နှစ်ချောင်းထိုး ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်ဖို့ အခုကတည်းက ပြန်လေ့ကျင့်ထားလို့ မှာချင်သော်လည်း ဆနွင်းထုတ်ကလေး ထုတ်ထုတ်ရှူနေတာဖြင့်ပင် လက်မအားလောက်သေးပါဘူးဟု ဖြေသိမ့်လိုက်ရပြန်သည်။ ငယ်သော်ကသမီး ဆုံးမနည်းက ကြီးသောအခါ မီးပမာသို့၊ ငယ်သော်က သမီးဆုံးမများက ကြီးသောအခါ ထီးပမာသို့ ဆိုသော ဆောင်ပုဒ်အားလုံး သူ့ကိုအလွတ်ရအောင် ကျက်ခိုင်းရမည်။ နောက်ဆုံး မင်းလည်း ရှေ့ကနေ မိန်းမပီပီသသနေပြကွ လို့ အဆုံးမရှိအစမရှိ သူပြောချလိုက်မိသောအခါ မီးနေသည်ထံမှ မျက်စောင်းတခုကို ခပ်မြန်မြန်ရရှိလိုက်သည်သာ။

သမီးလေး မဖြစ်မနေ ကြုံလာရမည်ဖြစ်သော လောကဓံတရားတို့ကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်စေချင်ပြန်သည်။ လူ့လောကတွင် တွေ့လာရမည့် လူမျိုးပေါင်းစုံတို့အကြောင်းကိုလည်း စေ့ငုရင့်ကျက်စေလို၏။ တိုဖြောင့် ချိုကောက် ထိုနှစ်ယောက် အစရှိသော လင်္ကာတို့ကို သမီးနားယဉ်အောင် ခဏခဏ ရေရွတ်ပြရပေဦးမည်။ ထိုနေရာတွင် ဦးနု၏ ကာမတဏှာ စာအုပ်ဖတ်ဖို့ သမီးလေးကို တိုက်တွန်းရန်ဟု မှတ်ချက်တို့ထားမိသည်။ သမီးလေးကိုယ်တိုင်ကိုယ်ကျ မသမာသူ လူသူတော်ယောင်များကို ခွဲခြားတတ်အောင် ဘယ်အရာက စွမ်းဆောင်စေမည်နည်း။ အမှန်စင်စစ် အနှီးထုတ်တွင်းက သမီးလေးမှာမူ ချော့မြူကလူကျီဆယ်သည်ကိုပင် ခိုးခိုးခစ်ခစ် မရီတတ်နိုင်သေး။

သမီးလေး၏ဖေဖေကော။ သမီးလေးကြီးလာရင် သမီးလေး၏ ဂုဏ်သိက္ခာနဲ့ညီအောင် သမီးလေးအတွက်ဆိုပြီး အခုကတည်းက ပြုပြင်နေထိုင်ဖို့ ကြိုးစားရမည်။ ပါးစပ်ထဲမှာ ခဏခဏဝါးနေတတ်သော ကွမ်းကိုလည်းကောင်း၊ နှာခေါင်းနဲ့ ပါးစပ်တလျှောက် မနားတမ်း အလုပ်ရှုပ်နေတတ်သော ဆေးလိပ်ကိုလည်းကောင်း၊ ညနေတိုင်း ဆေးဖြစ်ဝါးဖြစ် သို့မဟုတ် အထက်လူကြီးများနှင့်ပုလံနံပ သင့်မြတ်အောင်ဟု မကြာမကြာ နေ့တိုင်းလိုလို သောက်တတ်သော အဝါရောင် အရည်တို့အားလည်းကောင်း ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပပျောက်အောင် မည်သို့ လုပ်ဆောင်ရမည်နည်းဟု တွေးတောရင်း ခေါင်းခြောက်နေပြန်သည်။ လက်သည်း၊မုတ်ဆိတ်တို့ ရှည်လာလျှင် မလှီးမဖြတ် မရိတ်မသင် ထားတတ်သော သူက သမီးလေးကို ထွေးပွေ့ ချီမနေခိုက် သမီးလေးကို မတော်တဆ ထိခိုက်စူးရှနာကျင်စေမလား ဆိုသော စိုးရိမ်စိတ်တို့ဖြင့် နေ့တိုင်း လက်သည်းညှပ် မှုတ်ဆိတ်ရိတ်တတ်လာသည်။ သို့သော် နုနုထွေးထွေးသမီးလေးကို ယခုထက်ထိ သူ့လက်ဖြင့် ချီမခွင့်ပင် မရခဲ့သေး။

ဗဟုသုတနှင့် ပြည့်စုံသော သမီးလေးဖြစ်စေဖို့ သမီးလေးကို နေ့စဉ်ပြောပြရမည့် အကြောင်းအရာသည် ဘယ်အရာ ဖြစ်သင့်သလဲ သူမသိတတ်ပြန်။ ကမ္ဘာ့ရေးရာ အဖြာဖြာများလား၊ မင်းသုဝဏ်၏ ပုံပြင်များ ဒါမှမဟုတ် လူထုဦးလှ ပုံပြင်များလား ဒွိဟတွေဖြစ်လို့။ သို့ဖြစ်ရာ သူလက်လှမ်းမှီရာ ဖတ်ဖို့မှတ်ဖို့ မှတ်တမ်း စာအုပ်တအုပ်ပင် ထုတ်လို့နေသည်။ သမီးလေး နောင်တချိန်ဖတ်ဖြစ်ကောင်း ဖတ်ဖြစ်လိမ့်မည်။ နည်းပညာအရာတွင်လည်း သူ့သမီးလေးကို သူတကာတို့ထက် မနိမ့်ကျစေလို။ ထို့အတွက် သူမစွမ်းတတ်နိုင်သော ကွန်ပြူတာနည်းပညာ အစရှိသည်များကိုလည်း တနေ့ထက်တနေ့ ဆထက်ပိုး လေ့လာခြင်းဖြင့် သမီးလေးအတွက် ပြည့်စုံလုံလောက်သော ရွှေအိုးတခု ဖန်ဆင်းရန်ဖြစ်သည်။

ထိုအရာတွေ ထက် စောစွာ ကြုံရသောအရာမှာ သမီးလေးအတွက် နာမည်ရွေးချယ်ခြင်းပင်။ နှစ်ဖက်သော ဘိုးဘွားများကလည်း သူတို့၏ နာမည်များ အသီးသီးအသက ပါလိုကြသည်။ ဘိုဆန်ဆန်နာမည်ပေးဖို့လည်း ပြောသူရှိသည်။ ဗေဒင်သုခဆိုသော အရာတို့သည် ဘယ်သောအခါမှ မယုံကြည်သော သူ့ကို ပြောင်းလဲဖို့ အချိန်ဟု လက်ခမောင်းထခတ် ကြလေပြီ။ ဟိုကပြောလာ ဒီကပြောလာ သော စကား အားလုံးထက် သူ့စိတ်ထဲက စီးဆင်းလာသော အမည်နာမ တခုကို သူပဲ အတင်းသွင်းယူလာလိုက်သည်။ ဟုတ်သည် ဟုတ်ပါသည် ……သမီးလေးနာမည်က စမ်းရေကြည်………………

တကယ်က သူအိပ်မက် မက်ခဲသည်။ မနေ့က အိမ်ထောင်ပြုရေးမပြုရေး အကြောင်းလာရောက်ဆွေးနွေးသွားသော သူငယ်ချင်းကြောင့်သော်လည်းကောင်း၊ သူ့တက္ကသိုလ်စာတမ်းတစ်ခုအတွက် အိမ်ထောင်မပြုခင်ကိုယ်ဝန်ဆောင်ခြင်း အမှုကိစ္စကို လက်ခံဖို့ ငြင်းဆိုနိုင်ရန် အချက်အလက်များ ရှာပေးခိုင်းသော ညီငယ်တယောက်ကြောင့်လည်းကောင်း၊

သူ့တွင် မနေ့ညက သမီးလေးတယောက် မွေးဖွားသွားခဲ့သည်။ သြော် သမီးလေး အဖေ့သမီးလေး…………။


မှတ်ချက် = စာဖတ်သူတစ်ယောက်ရဲ့ ၀တ္ထုလေးပါ ။

Wednesday, September 14, 2011

အမေ နဲ့ ရွာ

အမေ့ ကိုလွမ်းတယ် ပြီးတော့ ရွာကိုလည်းလွမ်းတယ် ။ ခုရက်ပိုင်းပိုလို့သတိရတယ် မိုးတွေရွာတော့ ပိုဆိုး ။အမေ နဲ့ ရွာ အမြဲတမ်းတွဲမြင်နေကြပါပဲ ။ အမေက ရွာကနေ ဘယ်တော့မှ မပြောင်းသလို ရွာမှာပဲ ပျော်တတ်တဲ့သူပါ ဒီလိုပဲ ရွာက လူတွေကလည်း အမေ့ကို ချစ်ကြ ရိုသေကြတယ် ။ အမေ့အိမ်ရောက်ဖို့ဆိုရင် ကျနော် လှည်းလမ်းတွေဖြတ်ရမယ် ပြီးတော့ ၀ါးအုပ်ကြီးတွေကိုလည်း ကျော်ရမယ် ရွာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ချောင်းရေစီသံတွေ ကြားကြားနေရမှာ မနက်မိုးလင်းရင်တော့ မိုးသည်းမယ့်နေ့တွေဆိုရင် သစ်ရိုင်းပင်တွေ ရိုက်ခတ်သံနဲ့ ၀ါးပင်ကြီင်္းတွေက ယိမ်းထိုးကနေသလို မြင်ကွင်းမျိုးတွေကိုလည်း မြင်ရမှာ ဒါက ကျနော့်စိတ်ကူးနဲ့ ခဏခဏ အလည်ပြန်ဖြစ်နေတဲ့ ကျနော့်ရဲ့ ရွာလေးပေါ့ ။

အမေ ပြောလို့ပြောတာမဟုတ် ကျနော့် အမေက ရွာမှာ မိန်းမလူကြီးလို့ပြောရမယ် ရွာလူကြီးခန့်ထားတဲ့ အဘက စကားနည်းတော့ ပြသနာဖြစ်တိုင်း အမေကပဲ ဖြေရှင်းပေးရတာမျိုး ဒါကလည်း ရွာမှာ သက်ကြီးပိုင်းတစ်ယောက်ယောက်ကို လူကြီးနေရာထားတာမျိုးပါ ကျနော့်အဖေ က လူကြီးမို့ ကျနော်ဟာလည်း ဟိုနေရာမှာ စွာတာတာ ဒီနေရာမှာ စွာတာတာနဲ့ သူကြီးသားမျိုးလည်းမဟုတ်ရပါဘူးး)။ ရွာမှာ သားမိန်းမခိုးသွားလို့ သမီးယောက်ျားနောက်လိုက်သွားလို့ ငိုကြယိုကြပြီဆိုရင် “ အမလေး အစ်မပြုံးရေ့ ကျမသမီးမရှိတော့ဘူး တော့် ” ဒါက မကြာမကြာ ကျနော်ကြားနေရတဲ့ အသံတွေ ရွာက ခလေးမတွေကလည်း နည်းနည်းလေး အပျိုဖြန်းလေးမဖြစ်လိုက်နဲ့ လိုက်သွားကြပြန်ပြီး အဲ့လို သားသမီးအရေးတွေလည်း အမေက ပါတတ်တာပဲ သူများမင်္ဂလာဆောင် ခပ်တုံးတုံးခပ်အအ ရွာက သူတွေက မလုပ်တတ်ကြရင် “ အစ်မပဲ ကြည့်စီစဉ်ပေးပါ ” ဆိုတာမျိုး အမေကတော့ မမောနိုင် မပန်းနိုင်နဲ့ ပါတာပါပဲ သားသမီးတွေ တားလည်း တားမှမရတာ ။ဒါက သာရေး။

အငယ်လေးတည်းက အမေ့မျက်စေ့ရှိတင် မွေးကြ အရွယ်ရောက် အိမ်ထောင်ရက်သားကျသွားကြတဲ့ရွာက လူတွေကလည်း အမေ့ကိုတလေးတစားဆက်ဆံကြတာတွေ့တော့ ဘယ်ရယ်တော့မဟုတ်ဘူး စိတ်ကောင်းရှိတဲ့ အမေ့အစား စေတနာ အကျိုးပေးတယ်ဆိုပြီး ကြည်နူးမိပါတယ် ။ တစ်ခါ ရွာက အစ်မတစ်ယောက်ဆုံးတယ် တော်တော် အဆင်မပြေတဲ့ မိသားစုလေးပါ သမီးလေးတစ်ယောက်နဲ့ ရွာထဲမှာ အသံစာစာနဲ့ အလုပ်အရမ်းလုပ်တတ်တဲ့ အစ်မ သူဆုံးတော့ အသုဘချစရာငွေတောင်မရှိ ဆိုးလိုက်တဲ့ဘ၀ ရွာကလည်း အဆင်ပြေတဲ့သူနည်းတယ် ။ သူ့ယောက်ျားက ငိုယိုပြီး အမေ့ဆီလာလို့ အကူညီတောင်း အမေက မာန်သာရှိတော့တယ် အရင်လို စီးပွားရေးက အဆင်မပြေတော့ ချေးစရာငွေလည်းမရှိဘူးရယ် အဲ့တော့ အမေ ဘာလုပ်တယ်ထင်ပါသလဲ ရှိတော့တန်ဆာ မရှိတော့ ၀မ်းစာ တမလွန်သွားတဲ့ ခရီး ကူညီကောင်းပါတယ်လေဆိုပြီး နားထဲက နားကပ်ချွတ်ပေးပေါင်တဲ့ ကျနော့် အမေပါ ။“ အမေတို့ကလည်းဗျာ သိပ်လူသိတာပဲ အဲ့တာကြီးပေးပေါင်လိုက်တော့ သူများတွေက တစ်မျိုးထင်မှာပေါ့ အမေ့မှာလည်း ဒါလေးပဲရှိတာကို ” သားလူပျိုတွေ ရှက်မှန်းသိတော့ “တစ်ရက်နှစ်ရက်တည်းပါဟယ် သူများပြန်ရွေးပေးမှာပေါ့ ” တဲ့ ဒါကကျ နာရေး ။

ရွာမှာ ကျနော်တို့ အိမ်ဆိုင်ကလေးတည်ထားပါတယ် အကြွေးတွေတင်လို့ ခဏခဏ အဲ့ဈေးဆိုင်လေးကလည်း ပြုတ်တာပေါ့ ငြုပ်သီးဆိုလည်း မြို့ပေါ်မှာလိုမဟုတ် တောထဲဆိုတော့ အမေကိုယ်တိုင်ထောင်းတဲ့ ငရုပ်သီးမှုန့်ကိုပဲ ဆိုင်မှာရောင်းတယ် မြို့က ငြုပ်သီးမှုန့်က ရောထားတာတွေ ရွာက လူတွေ ကောင်းကောင်းစားစေချင်လို့ပါတဲ့ ။“အမေ မြို့မှာတောင် အချိုမှုန့်ထုတ်ရောင်းတာ အမေ့လောက်မများဘူး အမေထုတ်တာများလှကြီလား” ဆိုတော့ မလှူနိုင်သေးရင်ဈေးရောင်းတဲ့ ဒါလည်း အလှူပဲဆိုပြီး အမေကတော့ အမြတ်နည်းနည်းနဲ့ ဈေးရောင်းတာမျိုး ။ တစ်ချို့ အကြွေးများတဲ့ မအေတွေက မလာရဲတော့ ညနေစောင်း ထမင်းချက်ချိန်ရောက်ရင် သူတို့ခလေးလေးတွေကို လုံချည်လေးးပေးလိုက်တယ် “ အမေပြုံးရေ့ သားတို့ အမေက ဆန်လေးဗူးလောက် အကြွေးရောင်းထားပေးပါတဲ့ အဖေ့နေ့စားခ ရရင် ဆပ်ဖြစ်အောင်လာဆပ်မယ်လို့ပြောတယ် ” အမေကတော့ သက်ပြင်းကိုချလို့ ပေးလိုက်ပြန်ပြီ အဲ့တာကြောင့် အရင်း ခဏခဏ ပြုတ်တာပေါ့ ။

တစ်ခါတလေ ရွာမှ ညသန်းခေါ်ကျော်ကြီင်္း လင်မယားချင်းရန်ဖြစ်ကြတာမျိုး နောက်တော့ အရက်ဝိုင်းတွေမှာ ရန်ဖြစ်ကြတာမျိုးဆိုရင် တအားကိုဆူပါတယ် ရွာမှာ နာမည်ပြောင်ပေးထားတဲ့ လေပုတ်ထုတ် ဆိုတဲ့ ဦးလေးကြီးရှိတယ် သိပ်ဆိုးတာ မမူးရင် စကားတစ်လုံးမှ မဟတဲ့သူက မူးရင်တော့လား ဘာတွေမှန်းကိုမသိ အဲ့တာတွေ အဲ့လေပုတ်ထုတ် ဆိုတဲ့ နာမည်ကို ရွာကလူတွေက နာမည်ပြောင်ပေးလိုက်ကြတာ ။ဆိုကြ ဆဲကြ ဆူညံနေပြီဆို အမေတစ်ယောက် မီးအုပ်စောင်းကိုင်လို့ သွားပါပြီ “ ဟဲ့ ဟဲ့ ဒါက ဘယ်လိုတွေဖြစ်နေကြတာလည်း နည်းနည်းပါးပါး အချိန်လည်းကြည့်အုံး ရွာထဲကိုလည်း အားနာကြအုံးလေ ” လေသံမာမာနဲ့ပြောလိုက်ရင်တော့ ငြိမ်သွားတတ်တယ် ။

အစ်မမောင်က အစ်မစကားနားထောင်ပါတယ်ဗျာ ဆိုပြီး အမေ့နောက်ပါလာကော ပြီးတော့ အက်ကြောင်းတွေထပ်လောက်အောင် စကားတွေ များလိုက်တာဆိုတာ တစ်အိမ်လုံးပါနိုးတယ် အမေကတော့ အမူးသမားကို ကောင်းကောင်း ကွမ်းတွေချကျွေး မှာတမ်းတွေချွေလို့ပေါ့ “ မေ့...အိပ်လို့လည်းမရတော့ဘူး ပြီးတော့ သူလေပုတ်တွေထုတ်တာ သားနံတယ်ဗျ ” အားမနာတတ်ပဲပြောတော့ “ဟဲ့ နင်ကလည်း ဧည့်သည်ကို” တဲ့ ဒီနေရာကျ အဘနဲ့ ကျနော် တူပါတယ် အဘက အိပ်ရေးပျက်ရင် သိပ်စိတ်တိုတာပါ လုံချည်ခြုံကြီးနဲ့ထလာပြီး “ အဖွားကြီးရယ် နင်ဟာလည်း အိပ်ပါတော့ဟ ဟိုကောင်လေပုတ်ထုတ် မင်းက မပြန်သေးဘူးလား ” ဆိုရင် ဟုတ်ကဲ့ကို အခေါက်ပေါင်းထပ်အောင်ပြောပြီး ပြန်သွားလေရဲ့ အမေက လှမ်းမှာသေး ကောင်းကောင်းပြန် ချောလဲမယ်တဲ့ အမေက အဲ့လောက်ထိ ရွာက လူတွေကို သံယောဇဉ်ကြီးတာပါ ။


ရွာမှာ ဘာဖြစ်လဲ အမေ သိတယ် ရွာအရေးဘာပေါ်ပေါ် ဒါဟာ အမေ့အရေး ရွာက သူ့သားသမီင်္းအရွယ်တွေအားလုံးဟာ သူ့သားသမီးတွေလိုနဲ့ ရွာထဲမှာ ပြသနာပေါ်လည်း အမေ့ဆီမရောက်တဲ့ကိစ်စတော်တော်ရှားတယ် ။ ဒီလို အမေနဲ့ ရွာရဲ့ ဆက်ဆံရေးမှာ ပကာသနတွေမပါပဲ ဘာကြောင့် ဒီလောက်ခိုင်မြဲကြတာလည်းဆိုရင် စေတနာမှန်ပြီး သံယောဇဉ်စစ်ကြလို့ထင်ပါရဲ့ အမေကတော့ ရွာမှာ ပျော်နေအုံးမှာ ။ ကျနော်လည်း ရွာကိုလွမ်းပါရဲ့ ပြီးတော့ အမေ့ကိုလည်း လွမ်းတယ် ။ ကျနော်လည်း အိမ်ပြန်လည်နိုင်အောင်ကြိုးစားအုံးမှ ဒါပေမယ့် တစ်ခါတရံ ဘ၀လမ်းက ကြမ်းလွန်းတယ် အမေရာ ။အမေကျန်းမာပါစေ ပြီးတော့ ကျနော့်ရွာကလေးလည်း ကျန်းမာပါစေ ။






Monday, September 12, 2011

ဘလော့ဂါ ဆိုတာ ???

ကိုယ့်လမ်း ကိုယ်ဖေါက်
ကိုယ်တိုင်လျှောက်တဲ့လမ်းပေါ်
တစ်ခါတလေ စိတ်ပျက်အားငယ်ဖူးပေမယ့်
အပြုံးမပျက် ဆက်လျှောက်နေတာ “ဘလော့ဂါ”

ဒီနေ့တော့ သိန်းသုံးရာထီပေါက်သလို ပြုံးပျော်နေတဲ့ရုပ်နဲ့
နက်ဖန်ကျတော့ ကိုယ့်မယား သူများနောက်လိုက်သွားသလို
ဗြုန်းစားကြီး ၀မ်းနည်းပက်လက်ပုံဖြစ်သွားအောင်ရေးတတ်ကြတာ အဲ့တာ “ဘလော့ဂါ”

ရေချိုးခန်းထဲ ချက်ကျလို့
ဖွင့်လို့လည်းမရ ချွေးပြန်နေလည်း
ပို့စ်ရေးဖို့တွေးနေတတ်တာ “ဘလော့ဂါ ”

တစ်ယောက်နဲ့တစ်ယောက်
မမြင်ဖူးမဆုံဖူးပေမယ့် တကယ့် ညီအစ်ကိုမောင်နှမလို ကြင်နာကြ
လက်တွဲဖေးမတတ်ကြတာ “ဘလော့ဂါ”

ဖော်လည်းဖော်ချင်တယ် ပေါ်မှာလည်း ကြောက်တာ အဲ့တာ “ဘလော့ဂါ ”

ကိုယ့်ထမင်း ကိုယ်စား သူများစောင်းတာချိတ်တာ ခံရတာ “ဘလော့ဂါ”

ကြမ်ပိုးကိုလိပ်ဖြစ်အောင်ရေး
အနုအရွ အပုကွတွေနဲ့ တကယ်ပဲ အနုမင်းသားစတိုင်ဖမ်းတာ “ဘလော့ဂါ ”

တစ်နေ့တစ်နေ့သက်မဲ့ စာမျက်နှာကြီးကိုဖွင့်
ရယ်လိုက် ပြုံးလိုက် နဲ့ အဖော်မဲ့တယ်လို့ မခံစားရတာလည်း “ဘလော့ဂါ ”

ကိုယ်ရေးတဲ့စာ သူတစ်ပါးစိတ်ညစ်သွားမှာ သေလောက်အောင်ကြောက်မိတာ “ဘလော့ဂါ ”

တစ်ခါတခါ ဆရာကြီးစတိုင်လ် ဖမ်းပြီး
တစ်ခါတခါ ဘာမှမသိတဲ့ ငထူလိုပုံဖမ်းတတ်တာ “ဘလော့ဂါ ”

၂ ရက်တစ်ပုဒ်လောက်တက်နေတဲ့ ဘလော့တွေကြည့်ပြီး
မျက်နှာငယ်ရှာတဲ့ ကိုယ့်ဘလော့လေးကိုကြည့်လို့
ခေတ်ကြီးနဲ့ အဆက်သွယ်ပြတ်သွားသလို ခံစားရတာ “ဘလော့ဂါ ”

Virtual World မှာ Real Feelings တွေ ဖြစ်နေပေမယ့်
ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတတ်တာ “ဘလော့ဂါ ”

ဟုတ်ကဲ့ ....
ကျနော် “ဘလော့ဂါ” မောင်မျိုး ပါ ။



နတ်ဆိုးလေး တဂ်လို့ရေးပါတယ် ဘလော့ဂါဆိုတာ ဘာလဲ ခေါင်းစဉ်ကြီးက ကြီးလေတော့ ကိုယ့်အကြောင်း ကိုယ့်ဖီလင်ပဲရေးလိုက်ပါတယ်း) တဂ်တဲ့အတွက်ကျေးဇူး နတ်ဆိုးရေ ။





Saturday, September 10, 2011

ကျနော်နဲ့စာစီစာကုံး

စာ နဲ့ စကား ဘာတွေကွာပါသလဲ စာကို စကားလိုရေးပြီး စကားကို စာလို ပြန်ရေးတဲ့ကျနော့်စာတွေက နည်းနည်းတော့ ထောင့်နေမယ်ထင်တယ် ။ ခုရက်ပိုင်း စာတွေတော်တော်ရေးချင်နေတယ် ရေးစရာတွေလည်းရှိပါရဲ့ ။စာတွေလိုက်ဖတ်ဖြစ်ရင်း ဆြာဟန် ရဲ့ သူ့တပည့်တွေ ကိုစာစီစာကုံးရေးနည်းလေးတွေ သင်ပေးဖြစ်တဲ့အကြောင်းဖတ်ရတော့ ကိုယ့်ရဲ့ ကျောင်းသားဘ၀လေး ပြန်သတိရသွားမိတယ် ။ တစ်ချို့ခင်ရတဲ့သူငယ်ချင်းတွေက မေးပါတယ် မောင်မျိုးက ငယ်ငယ်က စာစီစာကုံး တော်တော် အရေးကောင်းမယ်ဆိုသလိုမျိုးပေါ့ မချိသွားဖြဲနဲ့ပဲနေလိုက်ရတယ် တကယ်ကြီး အဲ့စကားက တက်တက်စင်အောင်လွဲလွန်းလို့ပါ ။

လက်ရေးဆိုရင်လည်း အလှပြိုင်ဖို့ထပ် အပြီးပြိုင်ကြတဲ့သူငယ်ချင်းတွေကြားမှာ ကျနော်လည်းနေခဲ့ရတာဆိုတော့ လက်ရေးက ပဲပင်ပေါက်တွေလိုပါပဲ ။စာအုပ်တစ်အုပ်ရဲ့ အစပိုင်းလေးဆို လက်ရေးလေးတွေ သိပ်လှလို့ပေါ့ အလယ်လောက်ရောက်ရင် သွားမကြည့်နဲ့တော့ တစ်ခြားတစ်ယောက်ရေးထားသလားထင်ရအောင် ကျနော့်လက်ရေးတွေက ဆိုးလွန်းပါတယ် စည်းကမ်းမရှိတာလို့ပြောရမယ် ပြီးတော့ ပျင်းတာက ခုထိ အဲ့အကျိုးဆက်က သိပ်တော့မကောင်း အခုစာရေးနေရင်း သတိထားနေတဲ့ကြားကကို ကိုယ့်စာလုံးပေါင်းတွေက လွဲတုန်း ကိုယ်လည်းမသိချင်ယောင်ဆောင်တုန်း ။

စာစီစာကုံး .............ဘာသာတွေထဲ စိတ်ညစ်ရဆုံး ဘာသာလို့ထင်ပါတယ် အလွယ်လေးဖြစ်တဲ့ “ဒို့ဖေဖေ ၊ဒို့မေမေ” ရေးခိုင်းရင်တောင် ဘယ်ကစရမှန်းမသိဖြစ်တတ်ပါတယ် ။ ၁၀ တန်းလောက်ရောက်တော့ အပြင်စာလေးတွေ နည်းနည်းဖတ်ဖြစ်လာတဲ့အကျိုးကျေးဇူးလေး ခံစားလာရတယ် ကျောင်းမှာ ဆရာမ က စာစီစာကုံးရေးခိုင်းတော့ ငါးမျက်နှာ ရေးခိုင်းတာ ကျနော်က ဆယ်မျက်နှာကြီးများတောင် ရေးပစ်လိုက်တယ် အဲ့လောက်ကိုတော်ချက် ။ သူငယ်ချင်းက သူ့စာအုပ်မှာ ၃မျက်နှာလောက်ပဲရှိတော့ အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်လို့ မင်းဘယ်လိုများရေးလိုက်တာလဲတဲ့ အနိုင်ရတဲ့စစ်သူကြီးလို သူ့ကိုပြန်ကြည့်လို့ ငါက စာတွေဖတ်တာကိုးကွ လို့ ခပ်တည်တည်နဲ့ပြန်ဖြေလိုက်တယ် ။

စာအုပ်တွေစစ်ပြီး ပြန်ဝေတော့ လူတွေကုန်သလောက်နီးပါးသာဖြစ်လာတယ် ကိုယ့်စာအုပ်ကိုမတွေ့ဘူး စာအုပ်ထပ်တာ သေချာတယ်ပေါ့ နောက်တော့ ကျနော့်ရဲ့ စာအုပ်လေး ဆရာမရဲ့ စာအုပ်ထပ်ထဲမှာ တွေ့လိုက်တယ် ။ အားလုံးဝေပြီးတော့ ကိုယ့်အလှည့်နောက်ဆုံး ဆရာမက စာအုပ်ကလေးမြှောက်ပြီး “ ကဲ..ကဲ အားလုံးနားထောင် ဒီမှာ အကောင်းဆုံး စာစီစာကုံး နင်တို့ကိုဖတ်ပြမဖို့ နာမည်ကဘယ်သူ....မောင်မျိုး*** တဲ့ ဘယ်သူလဲ ” ဆိုတော့ လက်ညှိုးကိုရဲရဲ ၀ံ့ဝံ့ကြီးကို ထောင်ပစ်လိုက်တယ် ငါကွပေါ့ ။ပြီးတော့ ဆရာမ ဆက်ပြီး နှုတ်ခွန်းတွေခြွေပါလေကော “ ရေးခိုင်းတာ စာစီစာကုံး မင့်ကို ဘယ်သူက စကားတွေပြောခိုင်းနေလို့တုန်း ” တဲ့ ပြောလည်း ပြော ကိုယ့်ခေါင်းပေါ်လည်း တဒေါက်ဒေါက်နဲ့ ခေါက်လို့ပေါ့ ။

တကယ်တော့ ဆရာမ အလွန်လည်းမဟုတ်ပါဘူး တကယ်ဆို စကားပြေ စကားပြော ကွဲရမှာ ကျနော် ဆယ်မျက်နှာသာရေးလာတယ် “ ပေါ့ ၊ ပြီး ၊ တယ် ၊ မယ် ” တွေနဲ့ကြီး စာကြောင်းတွေက ဆုံးနေတယ် ဒါကိုက ကိုယ့်ရဲ့ တော်တော်ကြီးတဲ့ အမှားပါ ။ စာတစ်ပုဒ်ရေးလိုက်ရင်လည်း အစကတော့ အတိုချုံးပဲရေးမလို့ပဲ ရေးရင်း ရေးရင် လေကြောက တော်တော်ရှည်သွားတာ အဲ့စာတစ်ပုဒ်ကို ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာလည်း ကျနော် မသိတော့ဘူး အဲ့နေရာမှာတင် တ၀ဲလည်လည်နဲ့ ။

စာရေးတဲ့အကျင့်ကတော့ ကျနော်က သူငယ်ချင်းတွေဆီ စာရေးရတာ တော်တော် ၀ါသနာပါ ပါတယ် ။ ကိုယ်အိမ်နဲ အဆင်မပြေလို့ စိတ်နောက်နေတဲ့ အခါမျိုး အကြောင်းရာတစ်ခုခုကို မအောင့်နိုင်တော့လောက်အောင် ပြောပြချင်တဲ့ အခါမျိုးဆိုရင်တော့ “မျက်မှန်” ဆီကိုစာရေးပါတယ် ကျနော်ရေးသမျှ စာကို မငြီးမငြူ ဖတ်ပေးသူ စာပြန်ပေးသူဟာလည်းသူပါပဲ ။ စာထဲမှာတော့ “ မျက်မှန်ရေ့ မင်းသိလား သူက အဲ့လိုပြောလိုက်တော့လေ ဘယ်ပြောကောင်းလဲ ငါလည်း ငါ့အကွက်ထဲ ၀င်လာပြီးဆိုတော့ တီးထည့်ပေးလိုက်တာ ပျော်စရာကြီးကွ ဟီဟီးး ” ဆိုတာ မျိုး ဟိဟိ ဟားဟားတွေပါထည့်ရေးတတ်တယ် “ ငါလည်း အမေက ဆူတော့ ၀မ်းနည်းတာပေါ့ကွာ မျက်ရည်တွေက ပေါက်ခနဲ ပေါက်ခနဲ ” ဆိုသမျိုး မြည်သံစွဲအလကာင်္တွေ ထည့်လိုထည့် နဲ့ ကျနော် စာတစ်ခါရေးရင် ငါးရွက်လောက်ကုန်ပါတယ် အဆုံးသတ်ကျရင်တော့ “တော်သင့်ပြီး လက်ရေးသည်းခံပါ ” လို့ရေးလိုက်ပေမယ့် ကိုယ် တော်သင့်တာ တော်တော်ကြီးကို ကြာနေပါပြီး ။ သူ့ဆီက မှတ်ချက်ပြန်ရတာကတော့ ကျနော့်စာဖတ်ပြီးရင် သူရယ်ရတယ် ဖတ်လို့ကောင်းတယ်တဲ့ ဒါက ဘလော့မရေးခင်တည်းက စာရေးပိုးစတယ်လို့ပြောရမယ့်အချိန်ပါ ။


စကားပြေ စကားပြော မကွဲပေမယ့်လည်း ဒီတိုင်းပဲ ကျနော်စာတွေဆက်ရေးဖြစ်အုံးမှာပါ ဥပမာ “ ပြီ“ ကို “ ပြီ”လို့မရေး ပဲ “ ပြီးပြီး” လို့ ရေးရင်းနဲ့ပေါ့ :)




P>S = ဒီပို့စ်ရေးတဲ့အချိန်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျနော့်သူငယ်ချင်း မျက်မှန်နဲ့ အဆက်သွယ်ပြန်ရပြီး သူနေကောင်း ပြန်ကျန်းမာနေကြောင်း သိရပါပြီး အဲ့တုန်းက ဆုတောင်းပေးခဲ့တဲ့သူတွေကိုကျေးဇူးပါ ။

Tuesday, September 6, 2011

Shutter Island

သူငယ်ချင်းတစ်ယောက်ရဲ့ စာတမ်းအတွက် ရေးပေးဖြစ်တဲ့ ဇတ်ကား အညွှန်းလေးပါ ။

Shutter Island မင်းသား Leonardo ရဲ့ အနုပညာပြကွက်တွေ ဖော်ပြခွင့်ရတဲ့ဇတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ် ဒီဇတ်ကားမှာတော့ သူက အင်ဒရူ အဖြစ်သရုပ်ဆောင်ထားပါတယ် ။ ဇတ်လမ်းထဲသူနဲ့အတူမျောပါသွားလောက်တဲ့ခံစားချက်တွေ ကျနော်တို့ခံစားကြည့်ကြပါစို့ ။ ဇတ်လမ်းရဲ့အစ သူနဲ့ သူ့သူငယ်ချင်း ဂျက် ကျွန်းကိုသွားတဲ့ခရီ အဲ့ဒီကျွန်းဟာ ထူးခြားလွန်းတဲ့ ၀န်းကျင်လို့ထင်ပါတယ် ထူးခြားတယ်လို့ ဆိုရာမှာ ဆေးရုံနဲ့ တူတဲ့ အရာတွေ မတွေ့ရပါပဲ လူမမာရုပ်ပေါက်နေတဲ့ အကျဉ်းသားဆန်ဆန် လူတစ်ချို့ကိုတွေ့ရလို့ပါ ။ ပြီးတော့ ရဲ အစောင့်များ ဒီလူနာတွေနဲ့ ရဲတွေက ဘယ်လို အကြောင်းတွေကြောင့် ပက်သက်ဆက်နွယ်နေပါသလဲ ။

အင်ဒရူလိုက်ရမယ့်အမှု အမျိုးသမီးတစ်ယောက်ရဲ့ အမှု ။“ ဒီအခန်းထဲမှာ ထွက်ပေါက်မရှိပဲ သူဘယ်လို အပြင်ကိုရောက်သွားခဲ့တာလဲ ” ပြီးတော့ သဲလွန်စ စာတစ်စောင် ။ အမှုနဲ့ ပက်သက်တဲ့ စုံစမ်းမှုတွေ လုပ်ဖို့အတွက် ကျွန်းပက်ဝန်းကျင်ကို ကြည့်ရှု့ကြတယ် ။ ကျွန်းရဲ့ တားမြစ်နယ်မြေတစ်ခု “ င်္ဒိနေရာက ထွက်ပြေးမယ်ဆိုရင် ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး” တဲ့ ဒီကိုရောက်နေတဲ့ အပြစ်သားတွေ တစ်နည်းအားဖြင့် လူနာဆန်ဆန် ဒီအပြစ်သားတွေဟာ ဘာကြောင့် ရောက်နေကြတာလဲ ဘယ်လိုအပြစ်တွေကြောင့် ဒီကျွန်းပေါ် ရောက်နေကြတာလဲဆိုတာ ဇတ်လမ်းကိုကြည့်ရှု့သူ ကို စိတ်ဝင်စားလာအောင် ဆွဲခေါ်သွားတဲ့ ပုံစံပါပဲ ။ သက်သေတွေကို မေးမြန်းခန်းမှာတော့ သူနာပြု ဆရာမတွေရဲ့ အပြုမူတွေက တစ်မျိုးထူးခြားနေပါတယ် သူတို့ အင်ဒရူ့ကို ဆက်ဆံပုံက အဖြေမရှိနိုင်တဲ့ ပုဆ်စာတစ်ပုဒ်ကိုတွက်နေတဲ့သူတစ်ယောက်ကို ကြည့်တဲ့ လှောင်ပြုံးတွေပြုံးလို့ပါ။ အင်းဒရူ့ ရဲ့ မသိစိတ်ကနေမြင်နေရတဲ့ ပုံရိပ်တွေက ဘာကိုဖော်ပြနေပါသလဲ မကြာမကြာဆေးသောက်နေရတဲ့ ပြကွက်တွေ သူကော ရောဂါသည်တစ်ယောက်များလား ကျနော်တို့အတိကျမသိသေးပါဘူး။

အမှုနဲ့ ပက်သက်တဲ့ သူ့ရဲ့ စုံစမ်းမှုတိုင်းကို သက်သေတွေက ဘာကြောင့် “မသိဘူး” ဆိုတဲ့စကားကို တွင်တွင်သုံးနေကြာတာပါလိမ့် ။ ဒါကလည်းတွေးစရာတစ်မျိုးပါပဲ သူတို့ကိုကြည့်ရတာ တစ်ခုခုကိုဖုံးကွယ်ထားကြသလိုပါပဲ ။သူစိတ်ထဲထင်နေတဲ့ အရာအတွက် အမှုရဲ့ သက်သေအတွက် နေရာကို ဒီနေရာကိုသူဘယ်လိုသိနေတာလဲ သင်းချိုင်းတစ်ခု ပြီးတော့ တောအုပ်ထူထူ ရာသီဥတုကြမ်းတမ်းအေးစက်လွန်းတဲ့နေရာကြီးပါ အင်ဒရူနဲ့ဂျက် သစ်တောအုပ်ကြီးမှာ မုန်တိုင်းတွေကျတော့ ပြေးလွှားရင် တိုက်အိုဟောင်းကြီးတစ်ခုထဲ ရောက်ခဲ့ကြတယ် ။ ဂျက် ကမေးတယ် မင်းဒီနေရာကို ဘယ်လိုသိတာလဲ ” တဲ့ ကြည့်ရှု့သူနဲ့ ထပ်တူကျတဲ့မေးခွန်းပါပဲ ကျနော်လည်း င်္ဒီမေးခွန်းကို မေးချင်တာပါ ။ ပြီးတော့ သူအတိတ်ကိုပြန်တွေးတယ် ။ နှင်းတွေအရမ်းကျနေတဲ့ နေ့တစ်နေ့ စစ်သားတွေအများကြီး လမ်းဘေးဝဲယာမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ ကျား/မ လူကြီးလူငယ်မျိုးစုံ သေဆုံသူတစ်ချို့ သူကတော့ စစ်သားတွေထဲက တစ်ယောက် ။

ကျွန်းကြီးနားက မီးပြတိုက်ကြီး ကြောက်စရာလှိုင်းပုတ်သံများ အဲ့ဒီနေ၇ာကို သွားဖို့ သူတို့သူငယ်ချင်းနှစ်ယောက် အငြင်းအခုန် လုပ်နေကြရင်း ဂျက်က မသွားသင့်ဘူး သူကတော့ သွားမယ် သူတို့နှစ်ယောက်လမ်းခွဲရင်း ပြန်ဖို့အတွက် ဂျက်ကိုလိုက်ရှာတော့ ဂျက်ဟာ ကြောက်ကမ်းပါပေါ်က ပြုတ်ကျသလိုလို သူ့အလိုလို ကျသွားတာလား တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်လား ကမ်းပါးပေါ်က သူမြင်နေရတာ ဂျက် ၀မ်းလျားမှောက်လဲကျနေတယ် သူဂျက်ဆီကို သွားတယ် သူရောက်တော့ ဂျက်ကိုမတွေ့တော့ဘူး ဂျက် ဘယ်ရောက်သွားသလဲ လှိုင်းတွေထဲ ပါသွားသလား ဒီအခန်းကနေစပြီး ဂျက်ကိုမတွေ့ရတော့ပါဘူး ဂျက် သေဆုံးသွားပြီလား အတိအကျမသိပါ ။သူရောက်နေတယ် ကျောက်စွယ်တွေပေါ လှိုင်းပုတ်သံတွေကြမ်းတဲ့နေရာ ပြီးတော့ ကျောက်လှိုင်ဂူကြီးတစ်ခု ကျောက်ဂူကြီးထဲမှာ တော့အမျိုးသမီးတစ်ယောက် ဒီက လွတ်မြောက်မဲ့လမ်းကို ရှာဖွေးရင်း သူ့အတွက်လုံခြုံတယ်လို့ထင်ရတဲ့အတွက် ဒီဂူထဲ နေရတာပါတဲ့

ဒီဇတ်လမ်းထဲက ဇတ်ဆောင်တိုင်းရဲ့ စရိုက်တွေက ထူးခြားလွန်းပါတယ် သူတို့ရဲ့မျက်နှာတွေမှာ တစ်ခုခုကို စိုးရိမ်စိတ်တွေ ထင်ဟပ်နေပါတယ် ။ အိမ်အိုပျက်ကြီး အဖြူရောင်ဝတ်လူများ ဆရာဝန်အဖိုးကြီးကို သူတိုက်ခိုက်ပြီးတဲ့နောက် သူထွက်ပြေးဖို့ကြိုးစားတယ်။ သူ့ရဲ့မိန်းမဟာ သူ့ကို မကြာမကြာ ကိုယ်ယောင်ပြလို့ စကားတွေလာလာပြောနေပါသေးတယ်။ ဒါတွေဟာ သူ့ရဲ့မသိစိတ်တွေက ဖြစ်နေတာတွေကြီးပါပဲ တကယ်တော့ သူ့မိန်းမဟာ သေဆုံးသွားခဲ့ပါပြီ။

နောက်ဆုံးတော့ စိတ်ဝင်စားစရာမီးပြတိုက်ကြီးထဲ သူရောက်အောင်လာခဲ့တယ် ။ဘယ်သူတွေရှိနေမှာလဲ သူကကော ဘာကိုရှာတာလဲ ဇတ်လမ်းထဲက ဇတ်ဝင်ခန်းတွေကတော့ စိတ်ဝင်စားစရာ ထိတ်လန့်စရာအပြည့်နဲ့ပါ ။သူတစ်ယောက်တည်း ယောက်ယတ်ခပ် လှုပ်ရှားနေသလောက် ကျွန်းရဲ့ အကြီးအကဲ ဖြစ်တဲ့သူကတော့ အေးအေးလူလူနဲ့ သူ့ကိုမေးခွန်းမေးပါတယ် “ မင်း ဘာကိုမသင်္ကာလို့ စုံစမ်းနေတာလဲ ” ။ “မင်းရောက်လာတာ ဘာအတွက်လဲ ပြန်တွေးကြည့်ပါ ” ပြီးတော့ သေပြီလို့ထင်ရတဲ့ ဂျက် ပြန်ရောက်လာတယ် ဂျက် သူ့ကိုကြည့်တဲ့ မျက်လုံးတွေက ဆရာဝန်တစ်ယောက်က ကယောင်ကတမ်း ဖြစ်နေတဲ့ လူနာတစ်ယောက်ကိုကြည့်တဲ့မျက်လုံးတွေလိုပါပဲ ။

သူပြန်တွေးတယ် သူချစ်တဲ့ သားသမီးတွေ သေဆုံးသွားတော့ ယူကြုံးမရဖြစ်ရတဲ့ဖခင်တစ်ယောက်ရဲ့ ခံစားချက် ။ သူ့မိန်းမကို သူကိုယ်တိုင်ပဲ သတ်လိုက်မိတယ် ဒါက ဇတ်လမ်းတစ်ခုလုံးရဲ့ အစဆုံးဖြစ်ရပ်လို့ ယူဆနိုင်တဲ့အခန်းကို နောက်ဆုံးမှာ ပြသွားတာလေးပါ။တကယ်တော့ အင်ဒရူး ကိုယ်တိုင်က ရုးမှန်းမသိ ရူးနေတဲ့ ရောဂါသည်တစ်ယောက်လို့ ကျနော်တော့ထင်ပါတယ်။

ဒီဇတ်လမ်းမှာ ဇတ်ကားတစ်ခုလုံးရဲ့ အနှစ်ဆိုတာထပ် ကြည့်ရှု့သူတစ်ယောက်နေရာက ပြောရမယ်ဆိုရင်တော့ အင်ဒရူအဖြစ် သရုပ်ဆောင်သွားတဲ့ Leonardo ဟာတကယ့်ကို ဇတ်လမ်းထဲ သရုပ်ဆောင်မှန်းမသိအောင် သူ့လို ဇဝေဇ၀ါနဲ့ သံသရတွေများရတော့မလိုလို မောပန်းလွန်းပုံပေါက်နေတဲ့သူ့ပုံ အသက်ရှူသံပြင်းပြင်းတွေ ယူကြုံးမရခံစားရတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက် မိသားစုဘ၀ ပြိုလဲပျက်စီးပြီးတဲ့နောက် ဆောက်တည်ရာမရ ငိုးကြွေးနေတဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်လက်ဖျားခါဖို့ကောင်းပါတယ် ။ အတွေးတွေ အများကြီးပေး မေးခွန်းတွေ အထပ်ထပ်နဲ့ ကြည့်ရှု့သူကို မေးခွန်းတွေပေးသွား အဆုံးမှာတော့ ကို အဖြေကို လှည့်ကွက်တစ်ခုနဲ့ လှလှလေးပြသွားတဲ့ ဇတ်ကားတစ်ကားပါ။ တကယ်ပဲ ဒီကျွန်းဟာ စိတ်တဇ ဆန်နေတော့တာပါပဲ ။

LinkWithin

Related Posts Plugin for WordPress, Blogger...