Monday, October 31, 2011

အမေ့ခံ တန်ဖိုး

ကျနော်က သိပ်လှလှပပတော့မဟုတ်ပါဘူး ကျနော့် အရှင်သခင်ရဲ့ ဂရုတစိုက်ရှိမှုကိုလည်း များများစားစား ရလှရယ်လို့လည်းမရှိပါဘူး ။ ဒါပေမယ့် အရေးတကြီး သွားစရာရှိတဲ့နေရာမျိုးဆိုရင်တော့ သခင်က ကျနော့်ကို ဖုတ်ဖတ်ခါပေးတတ်တယ် ကျနော့်မှာပေကျံနေတဲ့ ဖုန်တွေ ပြီးတော့ ညစ်ပေနေတဲ့ အစွန်းထင်တွေကိုပေါ့ ။ ကျနော့်ဘ၀ ကနိမ့်ပါးပေမယ့် ကျနော့်သခင်အတွက် ကျနော်က အကာကွယ်ပေးနေနိုင်တဲ့ အဖြစ်ကိုတော့ ကျနော် ဂုဏ်ယူပါတယ် ဘယ်သူတွေ ဘာပြောပြော ကျနော့် နာမည်က လူတွေ ပါးစပ်ဖျားသိပ်မပြောပေမယ့် သခင်ကတော့ သူအပြင်သွားတိုင်း ကျနော့်ကို ခေါ်သွားဖြစ်ပါရဲ့ တစ်ခါတရံ ကျနော် ပျောက်မှာ စိုးလို့ သခင်က ကျနော့်ကို လုံခြုံတဲ့နေရာလေးတစ်ခုမှာ ဖွတ်ထားတတ်တယ် ကျေးဇူးပါ သခင် ကျနော် သခင်အပါးမှာပဲ နေခွင့်ရချင်ပါတယ် ။

သခင့်အပါး ကျနော်ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က ကျနော်က ဈေးတော့ နည်းနည်းကြီးတယ် သခင်ဟာ ကျနော့်ကို လိုချင်တဲ့ မျက်ဝန်းတွေနဲ့ကြည့်လိုက် ကျနော့်ကို တယုတယနဲ့ကိုင်ကြည့်လိုက်နဲ့ ပြီးတော့ ပြန်ချခဲ့လိုက်နဲ့ နောက်တော့ ၀မ်းသာပျော်ရွှင်နေတဲ့ပုံနဲ့ကျနော့်ကို အလဲအလှည်လုပ်လို့ သူ့အပါး ကျနော် နေခွင့်ရခဲ့တာပေါ့ သူက ကျနော်နဲ့ အတူတူ လမ်းလျှောက်ထွက်တော့ ကျနော့်ကို ဖွဖွလေး အဖော်ပြုလို့ ပြီးတော့ ကျနော့်ကို တစ်ကြည့်ကြည့်နဲ့ ကျနော့် သခင်က ခလေးတစ်ယောက်လို ပြုံးပျော်နေတတ်ပါတယ် ။ သူစိတ်ဆိုး စိတ်ကြီးတဲ့ အခါကျရင်တော့ ကျနော့်ကို ခပ်ဝေးဝေး ကန်ထုတ်ပစ်ပြန်ကော သူမသိပေမယ့် အဲ့အခါတိုင်း နာကျင်ရပါရဲ့ ကျနော် တန်ဖိုးမဲ့သွားလေပြီလားဆိုတဲ့အတွေးနဲ့ပေါ့ သခင်ပျော်ရွှင်အဆင်ပြေပါစေလို့ ကျနော်ဆုတောင်းမိပါတယ် ။

ခေတ္တခဏပါပဲ သင်္ခါရတရားမှာ သန်မာခဲ့ လှပတင့်တယ်ခဲ့တဲ့ ကျနော်ဟာ တစ်ဖြည်းဖြည်း အရောင်မှိန်လို့ ချိနဲ့လာရဲ့ ဒါပေမယ့် တက်စွမ်းသလောက်တော့ သခင့်ကို အကာကွယ်ပေးနေတုန်း ။ ကျနော့့်နေမကောင်းမှန်းသိတော့ သူကလည်း ကျနော့်ကို ဂရုတစိုက်နဲ့ သာသာယာယာလေး အဖော်ပြုခဲ့ပါရဲ့ ကျနော့်နေရာမှာ တစ်ခြားတစ်ယောက် အစားထိုးဖို့ သူလည်းအဆင်သင့်မဖြစ်သေးဘူးထင်တယ်။ သူတစ်ခါတရံ ကျနော့်ကိုရေချိုးပေးတယ် ပြီးတော့ ကျန်းမာရေးကောင်းဖို့ နေရောင်ခြည်ထဲ ထုတ်ထားပေးတယ် ။ကျနော့်သက်တမ်းဟာ ဘယ်လောက်ရှိလဲ ဘယ်တော့ ကျနော် ဇတ်သိမ်းရမှာလည်းဆိုတာ ကျနော်ကိုယ်တိုင်လည်းမသိပါဘူး သေခြင်းတရားဟာ လောကမှာရှိတဲ့ အရာတိုင်းအပေါ်မှာ ရှိနေတတ်ပါလားဆိုတာ သိခွင့်ရခဲ့ပါရဲ့ သူချစ်ခဲ့သလို ကျနော်သူ့ကို ချစ်ခဲ့တယ် ။ သူမစွန့်ပစ်သေးသမျှ ကျနော် သူ့အပါးကနေ အဝေးထွက်မသွားခဲ့ပါဘူး သခင်နဲ့ ကျနော့်ဘ၀မှာ အသံတိတ်စကားတွေနဲ့ပဲ သံယောဇဉ်တွေ ခိုင်မြဲခဲ့ပါတယ် ။

ကျနော် နေမကောင်းတော့ဘူး သခင် ကျနော့်လက်တွေ ကြိုးပြတ်ခါနီးပြီး ကျနော့် ခြေဖ၀ါးတွေ ပါးလျှပြီး အထိရှိုက်မခံတော့သလိုလို ကျနော့်ကြောင့် သခင် အရှက်ရမှာလည်းဆိုးတယ် ကျနော့်သခင်က အရှက်ကြီးတာ ကျနော် သိတာပေါ့ ။ဘ၀ချင်းခြားပေမယ့် ဆုံစည်းခွင့်ရခဲ့ခြင်းကို ကျေးဇူးတင်ပါတယ် ကျနော်တို့ စကားမပြော နှုတ်မဆက်ပဲ ဝေးကွာကြစို့သခင် သံယောဇဉ်ကြီးတတ်တဲ့ အသေးဖွဲလေးကအစ တိတ်တဆိတ်ကြေကွဲတတ်တဲ့ သခင့်အပါးက ကျနော် ထွက်ခွာရတော့မယ် ။ ကျနော်တို့ဟာ ကိုယ်စီသခင်တွေအတွက် အကာကွယ်ပေးဖို့ သခင်တို့ရဲ့ လမ်းခရီးတိုင်းမှာ ဆူးမထိ ခလုတ်မထိဖို့ ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့တွေမွေးဖွားလာကြာတာလေ ။ သခင့်အတွက်အသုံးမ၀င်တော့တဲ့တစ်နေ့ ကျနော်တို့ ခွဲခွာကြစို့သခင် …….. ကျနော် သေဆုံးခါနီးတော့ သခင်က ကျနော့်ကို ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ ကြည့်ပြီး ``အယ်…ပြတ်သွားပြီ ´´ ပြီးတော့ ကျနော့်ကို ကမန်းကတမ်း တယုတယကိုင် ဘယ်ပြန် ညာပြန်ကြည့်လို့ စိတ်မကောင်းစွာနဲ့ မင်းလည်း ငါ့ကို ခွဲသွားပြန်ပြီပေါ့လို့ စိတ်ထဲတွေးနေတယ်ထင်ပါ့ ။နောက်တစ်နေ့ ပုံမှန်အတိုင်း ကျနော့်ကိုရေချိုးပေးမြဲ နေပူဆာလှုံပေးမြဲ ကျနော့်ကိုသေသေချာချာ အ၀တ်နဲ့သုတ် သေသေချာချာ ထုတ်ပိုးလို့ သူ့အခန်းရဲ့ ချောင်လေးတစ်နေရာမှာ ရှိနေစေခဲ့ပါတယ် ။နှုတ်ဆက်ခဲ့ပါတယ် သခင် ကျနော် စကားများပြောတတ်ရင် သံယောဇဉ်ကြီးတတ်တဲ့ ကျနော့်ရဲ့ သခင်ကို ပြောချင်စမ်းပါဘိ ``ခွဲခွာချိန်တန်ရင် သံယောဇဉ်တွေကို ဖြတ်တောက်လိုက်ပါ´´လို့ သခင်အေးချမ်းပါစေ ။ ဒါနဲ့ မိတ်ဆက်ဖို့မေ့နေလို့ ကျနော့် နာမည် ``ဖိနပ်´´ ပါ နာမည်က နိမ့်ပါးပေမယ့် ကျနော်တို့တွေဟာ သခင်တွေအတွက် အကာကွယ်ပေးတတ်ပါတယ်ဆိုတာ သူတို့တွေ တစ်ခါတရံ မေ့နေကြပါတယ်။




Thursday, October 27, 2011

ပို့စ်ထဲက ဇတ်ကောင်များ

အရင်က ကျနော်ရေးခဲ့ဖူးတဲ့ ရပ်ကွက်ထဲက သူတွေအကြောင်း ရွာကသူတွေအကြောင်း ရွာ့ပုံရိပ်တွေအကြောင်း ရွာပြန်တုန်းက သတိတရနဲ့ ရိုက်ခဲ့ဖြစ်တယ် အချိန် ၂နှစ်လောက်အတွင်းမှာ အပြောင်းလဲတွေကတော့များသွားတာပေါ့ အသက်တွေ ပိုရင့်သွားကြတယ် အရင်က မာန်ပါတဲ့ မျက်လုံးတွေ ဒေါသကြီးတဲ့ အရိပ်တွေ အားမာန်အပြည့်နဲ့ ပုံတွေကတော့ အရောင်နည်းနည်းဖျော့သွားလေရဲ့ ။
ဒါက ဦးဆန်ကြည် ပါ အရင်က သူ့အကြောင်းရေးထားဖူးတယဒီမှာပါ ကျနော်သွားတဲ့ရက်ကတော့ ၀ါမထွက်သေးတာမို့ သူမမူးဘူး အိမ်အတွက်ဝယ်သွားတဲ့ နွားပွဲ အခွေတွေ လာကြည့်တုန်း ဓာတ်ပုံတောင်းရိုက်လိုက်တာ ကျနော့်ကိုမကြည့်ဖူးရယ် ပြုံးစိစိကြီးနဲ့ သူမူးနေတဲ့အချိန်ဆိုရင်တော့ ဆဲခံထိမှာ သေချာတယ်း))

ဒါက ရွာက အသည်းကျော် ကြီးတော်ပေါ့ ကြီးတော်ကတော့ သန်တုန်း မြန်တုန်းပဲ ကျနော့်ကိုတွေ့တော့ ငါ့တူလေးကတော့ အရင်တိုင်းပဲကောဆိုပြီး ပြေးဖက်တော့တာပဲ ကြီးတော် ဘာတွေလုပ်နေသလဲဆိုတော့ “ အနှိပ်သည်လုပ်တယ် ၀မ်းဆွဲ လုပ်တယ် ပြီးတော့ အ၀တ်လေးလိုက်လျှော်တယ်တဲ့ သေရင်တော့လား ငါ့တူရယ် သားသမီးလည်းမရှိတော့ သူများတွေလို ပြုစုမယ့်သူမရှိဘူးလေ အဲ့တော့ ဘုရားမှာဆုတောင်းတယ် သေရင် တစ်ချက်ထဲ ဘာမှမခံစားရပဲ သေရပါလို၏ တဲ့ ကြီးတော်ကိုဓာတ်ပုံရိုက်သွားဖို့ဆိုတော့ “ အင်တာနက်မှာ တင်ဖို့လားငါ့တူ မင်းသမီးတွေ မော်ဒယ်တွေမှ တင်လို့ရတာမဟုတ်ဘူးလား ” တဲ့း) ကျနော့်အကြံကို သိများသိနေသလို ကြီးတော်ပုံလည်းတင်လို့ရပါတယ်ဆိုတော့ ဒါဆို များများသာရိုက်သွားတဲ့ ကြီးတော်အကြောင်းရေးဖူးတာက ဒီမှာပါ

ကျနော်ရေးဖူးတဲ့ စာကောင်းလေး နည်းနည်းထဲက ကျနော်ကိုယ်တိုင်လည်း ပျင်းလို့ဖတ်မိတိုင်း ကြိုက်တယ်လို့ပြောရမယ့် ပို့စ်လေးတစ်ပုဒ်ရှိပါတယ် အရင်း အနှီး ဆိုတဲ့ ပို့စ်လေးပါ ။ ရွာမှာ တူမလေးတွေကို ဓာတ်ပုံရိုက်ပေးနေတုန်း သူတို့လည်း လာလာကြည့်ကြတယ် သူတို့အတွက်တော့ အထူးအဆန်းပေါ့ သူ့ညီလေးလည်းပါခဲ့တယ် ရိုက်မလားဆိုတော့ ရိုက်မယ်တဲ့ သနပ်းခါးတွေတောင် ပြေးလူးလိုက်ကြသေး ။ သူတို့ညီအစ်ကို ၂ယောက်ရဲ့ပုံပါ ကျောက်ပျဉ်ပေါ်များ လဲကြခဲ့သလားမသိပါဘူး ။





ဒါက အစ်ကိုငယ် ရဲ့သားပါ တစ်လခွဲသားလေးတည်းက အမေနဲ့နေတော့ အဖွားကို အမေပဲထင်နေတာ ကျနော် အမေ့နားကပ်တာနဲ့ ဆံပင်တွေဆွဲ နောက်တော့ ကိုက်တတ်ပါတယ် ပြန်ကာနီး အမေ့နားနေချင် အမေနဲ့ ဓာတ်ပုံရိုက်တော့ အဘက ညာခေါ်ထုတ်သွားရတယ် အမေက ကျနော့်ကို “ သား” လို့ခေါ်ရင် သူက မနာလိုတဲ့ပုံနဲ့ “ အမေ့သားက ဒီမှာရှိတာကို ဘာလို့ သူ့ကို သား သား လို့ လိုက်ခေါ်နေတာလဲ ” တဲ့ အသည်းယားလို့ နှာဖူးကို တစ်ချက်ဆော်ထည့်ပေးလိုက်တယ် ။

ဒါက ကျနော့်ရဲ့ အချစ်ဆုံးလေး တအားလည်နေပြီ စကားလည်းတော်တော် တက်လို့ ကျနော်ဝယ်သွားပေးတဲ့ အကျီ င်္တွေ ကလစ်လေးတွေကို ထုတ်လာပြီ “ အမေ့ သမီး ပူလို့ရေချိုးတော့မယ် ပြီးရင် ဒါတွေ ၀တ်မယ်တဲ့း) ကြွားချင်လွန်းလို့။ ဓာတ်ပုံရိုက်မယ်ဆိုတော့ သူက အကဲဆုံး ။ အချစ်ဆုံးနဲ့ ပြိုင်ဘက် မှာ သူတို့ လေးတွေ ၂ယောက်အကြောင်းရေးဖူးပါတယ် ။




ခလောက် ။
မိုးသံ၊ ချည်တိုင် နဲ့ ခလောက်သံ ကျနော်ရေးဖူးသမျှထဲမှာ အကြိုက်ဆုံးပဲလို့ မလေးအိမ့်ချမ်းမြေ့ ကတော့ပြောတယ် ကျေးဇူးပါ ။ ကင်မရာကိုင်ပြီး နွားတွေ ခလောက်တွေကို လိုက်ရိုက်နေလို့ ရွာကသူတွေကတောင် ဘာလိုက်လုပ်နေတာလဲလို့ပြောကြသေးတယ် ဒီပုံတွေရိုက်တော့ ကိုညီ ၊ မမေ တို့ကိုလည်း သတိရလိုက်သေးတယ်း) မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင်ပါ။

ပုံတွေမတင်ပဲ ရေးခဲ့တဲ့စာနဲ့ ပုံတွေနဲ့ ရေးဖူးတဲ့စာတွေ ပြန်ညွှန်းတဲ့ အခါ မလိုက်ဖက်ပဲ တစ်မျိုးဖြစ်နေရင်တော့ ကျနော့်ရဲ့ ညံ့ဖျင်းမှုကြောင့်ပါပဲး) ။ ရွာပုံလေးတွေ အမှတ်တရပါ ။




Saturday, October 22, 2011

ရောဂါ

တိတ်တိတ် ကလေး နေနေတာပါပဲ
ဒါပေမယ့် ရင်ဘတ်ထဲတော့ သံစုံတီးဝိုင်းတွေဖွဲ့လို့
ငြီးချင်းတွေ ချမနေတော့ပါဘူး
အားနာစရာလည်းကောင်းလှပြီ
ဖတ်ဖူးတဲ့ ကဗျာ တစ်ကြောင်းကို အရွဲ့တိုက်လို့
သောကနဲ့ တစ်ခါကြုံတိုင်း ကျနော်ကတော့ ချစ်သူပါးကလေး တစ်ချက်တော့နမ်းချင်မိတယ်။
မဖြူတော့တာလည်း သိပါရဲ့ ကိုယ့်ကိုယ်ကို အရောင်တွေ ထပ် ထပ် ဆိုးမိတာတော့
မိုက်မဲရာ ကျတာပေါ့ဗျာ
လှမ်းပြီးသားခြေလှမ်းတွေကတော့ ပြန်ဆုတ်ရ ခက်သားလား
အဲ့တာကြောင့် မထူးဇတ်တွေ ခင်းခင်းလာတာ ထူးဆန်းတာတွေကြီးဖြစ်နေတော့တယ်
အခုဆို လိမ်တတ် ညာတတ် ချေးငှားတတ်နေပြီ အကြွေးတွေလည်းတက်နေပြီ
အမေကတော့ ပြောဖူးတယ် “ ကျဲပြီးသားဆန်ကို တစ်စေ့ချင်း ပြန်မကောက်မိစေနဲ့” တဲ့
ကျနော့်တော့ မှားမှန်းသိသားနဲ့ ကျဲချလိုက်တဲ့ အမှားတွေကို တစ်စေ့ချင်း လိုက်ခြေဖျက်မိနေရဲ့
ညည ဆို ကျနော် အိပ်နေလျှက်နဲ့ နိုးနိုးနေတယ် အဲ့တာ ရောဂါပဲ ။

Wednesday, October 19, 2011

ကျနော့်စာအုပ်စင်လေး

ခုရက်ပိုင်း စာအုပ်တွေနဲ့ ဇိမ်ယူနေတယ် စာရေးဖို့ စာတွေ လိုက်ဖတ်ဖို့လည်း ချောင်ခိုနေတယ်း) ။ အိမ်ကပြန်လာတုန်းက စာအုပ်ကြီးတစ်ထုတ်နဲ့ ပါသွားတဲ့ အ၀တ်စားတွေ စာအုပ်တွေ ထည့်ပြီးတော့ အိတ်က ပြည့်သွားနဲ့ ပြန်တောင်မပါလာတော့ ကျနော်ကတော့ လဲတာပဲ စာအုပ်တွေတော့ အပါယူသွားရမယ် ဒီမှာ စာအုပ်က ရှားလည်းရှား ဈေးလည်းကြီးတယ် ။ စာအုပ်တွေကို မက်စက်တယ် ဒီတစ်ခေါက်ပြန်လာတော့ စာအုပ် ၁၁ အုပ်ဝယ်ခဲ့တာ အဲ့တာကို အမှတ်မှားပြီး ၁၃ အုပ်ထင်နေတာ စာအုပ်ပျောက်တယ်ဆိုပြီး အိမ်မှာ သောင်းကျန်းလိုက်သေးတယ် တူ ၂ယောက်က ခဏ ယူဖတ်မိတာမှားတာပဲတဲ့ မျက်နှာကြီးစူပုတ်ပြီး “ ငါ့စာအုပ်တွေက လာလာ မကလိပါနဲ့ဆိုတာကို ” ပါးစပ်က ဗြစ်တောက် ဗြစ်တောက်နဲ့ နောက်မှ စာအုပ် ဘောက်ချာလေးပြန်တွေ့ပြီး ၁၁ အုပ်ထဲပါတာ သိတော့တယ် စပ်ဖြီးဖြီး နဲ့ ဟဲဟဲ ကျနော် အမှတ်မှားတာဆိုတော့ သူ့သားတွေကို ပြသနာသွားရှာတဲ့ အစ်မက နင်ဟာတော့လေတဲ့း) ။

လေကြောကရှည်မိပြီ ခုက ကြွားမလို့ စာအုပ်တွေအကြောင်း ။ ပြီးခဲ့ လပိုင်းတွေက ဟော့စ်ဖြစ်နေတဲ့ ဆရာမဂျူး ရဲ့ “ ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ ” ဆိုတဲ့ စာအုပ်လေးဖတ်ပြီးသွားတယ် ကောင်းပါတယ် ပညာပေးလေးတွေလည်းရလိုက်တယ် ဆရာမရဲ့ စာအုပ်တွေကိုတော့ စဖတ်ဖူးကတည်းက စာအုပ်တွေ ပြန်ရှာဝယ်စုပြီး ဖတ်ဖြစ်တယ် ဒါပေမယ့် ခုနောက်ပိုင်းစာတွေကတော့ အရင်လို ခပ်ပြင်းပြင်း အချစ်လေးတွေ ရင်ထဲလှိုက်ဖိုသွားလောက်မယ့် (ဥပမာ- အမှတ်တရ ၊ မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက် ) ခံစားချက်မျိုးတော့ မရတော့ဘူးပေါ့း) ။ဒါပေမယ့်လည်း ကြိုက်ပါတယ် ။

ဒါ ခုလောလောဆယ် ဖတ်နေတဲ့စာအုပ်ပါ သိပ်ကြိုက်ပါတယ် ကျနော်က ဆရာမ ခင်ခင်ထူးရဲ့ စာတွေကိုဆို အဟောင်းလေးတွေ အတိုလေးတွေကအစ သဲကြီးမဲကြီးရှာဖတ်တယ် အစ်မရွှေစင်ဦး ဆီက ဆရာမရဲ့စာလေးတွေကိုလည်း ပရင့်ထုတ်ပြီး ဖတ်တဲ့ အခါလည်းဖတ်တာပဲ ။ မအိမ်ကံ ကို ရွှေမှာ ဟိုတစ်ပိုင်း ဒီတစ်ပိုင်း ဖတ်ရကတည်းက စိတ်ဝင်စားနေတာ ခုတော့ ဖတ်ခွင့်ရပြီ မပြီးသေးပါဘူး ကြွားချင်လွန်းလို့သာတင်လိုက်တယ် ။ မအိမ်ကံ ကို သိပ်ထက်တဲ့ အမျိုးသမီး လို့ ကောက်ချ ချမိပါတယ် ပြီးတော့ ရွာဓလေ့ လေးတွေက သိပ်မြန်မာဆန်ပြီး စကားပြောလေးတွေကို အရမ်းကိုကြိုက်ပါတယ် ။

ဒီစာအုပ်လေးကိုလည်း ကျနော် ခဏခဏ ပြန်ဖတ်တယ် ကိုကျီးညို ၊ မခင်နှောင်းတို့နဲ့တောင်တော်တော်ရင်းနှီးနေပြီး) ခဏခဏ ပြန်ဖတ်လွန်းလို့ စာအုပ်လေးလည်း ကြေနေပြီ မြန်မာ့ ကျေးလက် စာအုပ်လေးမို့ ကိုကြီးကျော် နတ်ပွဲအကြောင်း စုံစုံလင်လင်နဲ့ ကြေကွယ်ဖွယ် ဇတ်သိမ်းလေးတွေ နဲ့ စာအုပ်ကောင်းလေးမို့ မိတ်ဆွေတွေကိုလည်း ရှာဖတ်စေချင်ပါသေးတယ် ။

ဒါတွေကိုတော့ ဟိုစု ဒီစုနဲ့ အားလုံးက ဖတ်ြပီးသားတွေပါ ။ ကြာဆစ်ကြိုး ထဲက မိုင်ခိုး ဆိုတဲ့ ၀တ်ထုတိုလေးလည်း ချစ်စရာကောင်းပါတယ် ။ ဆရာကြီးဘုန်းနိုင်ရဲ့ စာအုပ်လေးကိုတော့ အဟောင်းဆိုကနေပြန်ဝယ်ထားတာ ကဗျာလေးတွေ သိပ်ကောင်းတယ် အဲ့ဒီ စာအုပ်လေးထဲမှာ ။

ကျနော် အရမ်းကြိုက်လို့ ပျောက်သွားတယ်ဆိုပြီး အပိုင်သိမ်းလိုက်မိတဲ့ ဆရာမောင်လှမျိုး(ချင်းချောင
်းခြံ ) ရဲ့ အလွမ်းလက်တစ်ဆစ် ဆိုတဲ့ ၀တ္ထုထဲက စကားပြောလေးပါ။ဘယ်တော့မှမမေ့ဘူးဆိုတဲ့ ဝေါဟာရက ပျော်ရွှင်ကြည်နူးစရာတွေအတွက်ပဲကောင်းတယ် ။ တစ်ခြား အနိဌာရုံကိစ္စမျိုးတွေအတွက်တော့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ စကားက ဘယ်တော့မှမကောင်းဘူး ။ ဘယ်တော့မှမမေ့ဘူး သူငယ်ချင်းရယ် ဆိုတဲ့ လွမ်းစရာတွေပဲ ကောင်းတယ် ဘယ်တော့မှမမေ့ဘူးဆိုတဲ့ နာကျင်စရာမျိုးက ဘယ်တော့မှ ဘယ်သူ့အတွက်မှမကောင်းဘူး ”။


နတ်နွယ် ရဲ့ စာအုပ်ကိုတော့ ဒီမှာ ရေးဖူးပါတယ် သေးတယ် ။ဆရာဖေးမြင့် ရဲ့ စာအုပ် ၂ အုပ်ကတော့ ဆရာဦးဟန်ကြည် လက်ဆောင်ပေးထားတာပါ ။



ဒါကတော့ ဖတ်ရ လွယ်မယ်ထင်တဲ့ စကားလုံးရိုးရိုး ၀ါကျ ရိုးရိုးလေးတွေနဲ့ ဖွဲ့ထားတဲ့ ထိုင်းစာအုပ်လေး၂အုပ်ပါ တစ်နေ့ကို တစ်ရွက်ရဲ့ ၃ ပုံ ၂ ပုံလောက်တော့ ပြီးတယ်း) တစ်နေ့နေ့တော့ ပြီးမှာပေါ့နော့် ။ วิธีชนะใจคน ဆိုတာလေး စိတ်ဝင်စားဖို့ကောင်းလို့ အရင်ဖတ်ဖြစ်တယ် ။ လူရဲ့စိတ်ကိုဖတ်တတ်ဖို့ နည်းလမ်း တဲ့ တိုက်ရိုက်ပြန်ရရင်တော့ လူရဲ့စိတ်ကို နိုင်မည့်နည်လမ်း ပေါ့ တစ်မျိုးကြီးဖြစ်နေသလားလို့ ။

မလေးအိမ့် ရဲ့ စာအုပ်အောက်က မြင်းရုပ်ကလေးနဲ့က မင်းမှုထမ်းစာအုပ်ပါ ။ မင်းမှုထမ်း ရွှေအမြုတေမှာ အခန်းဆက်ဖော်ပြခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် မြို့မှာတုန်းက စာအုပ်ဆိုင်က သူငယ်ချင်းဆိုင်မှာ စကားသွားသွားပြောရင်း အခန်းဆက်တွေဖတ်ဖြစ်တယ် တစ်ချို့လတွေက သူ့ဆိုင်မှာမရှိတော့ မဖတ်ရဘူး ကိုယ်ဖတ်ခဲ့ရတဲ့အပိုင်းတွေက
တော်တော် ကောင်းခန်းရောက်နေပြီ ။ နောက်တော့ ရွှေအမြုတေမှာပဲ ကြော်ငြာထားတာတွေ့တယ် စာအုပ်ထုတ်ဖြစ်တဲ့အကြောင်း အဲ့တည်းက သိပ်လိုချင်ခဲ့တဲ့စာအုပ်လေး ။ ရန်ကုန်ရောက်တုန်းက စာအုပ်ဆိုင်ရောက်တော့ သွားကိုင်ဖြစ်တာ စာအုပ်ဈေးကြည့်ပြီး ဖျားသွားတယ် ၅၅၀၀ တောင် တအားလည်းလိုချင်တယ် ၀ယ်လိုက်ရင်လည်း ကားခအပြင် လမ်းမှာ ရေသောက်ဖို့တောင်မရှိတော့ဘူး ကိုယ်လိုချင်မှန်းသိလို့ လမ်းစရိတ်အတင်းထိုးထည့်ပေးခဲ့တဲ့ သူငယ်ချင်းမ မိုင်ရာ နဲ့ ညီလေး ရှင်းသန့်ကို ကျေးဇူး အများကြီးတင်ပါတယ်း) ။ မလေး ရဲ့ စာအုပ်အကြောင်းလေးလည်း ဒီမှာ တင်ဖူးတယ် စာလုံးပေါင်းတွေကတော့ လက်ကုန်မှားတယ် ဒါပေမယ့် ပြင်ရမှာ ပျင်းတယ်း)



ဒါတွေကတော့ မဖတ်ရသေးပါဘူး ။ စိတ်ပင်းပန်းတိုင်း ဒီလို စာမျိုးလေးတွေ ခွန်အားဖြစ်စေတာ ကျေးဇူးတင်စရာ ။


ဒါတွေလည်းမဖတ်ရသေးဘူး ဖတ်ပြီးလို့ ကြိုက်တာလေးတွေ ရေးဖို့အဆင်ပြေတာလေးဆို ရီဗြူးလေး ရေးပါအုံးမယ် ။



အောက်ဆုံးက ဂျူး တစ်အုပ်ပဲဖတ်ရသေးတယ် ကျန်တာတွေမဖတ်ရသေးဘူး မြန်မာ အက်ဆေး ၁၀၁ မှာတော့ ဟိုးတုန်းက စာရေးဆရာကြီး ဆရာမကြီး တွေရဲ့ အက်ဆေးတွေလည်းပါတာ မာတိကာမှာ တွေ့လိုက်တယ် ။

စာဖတ်ခြင်းဟာ ကျနော့်အတွက်တော့ အကောင်းဆုံး အပန်းဖြေနည်းတစ်ခုပါပဲ ဒီလိုစာတွေဖတ်ခွင့်ရတဲ့ အချိန်တွေ စာပေနဲ့ မဝေးတဲ့နေရာ မှာ နေခွင့်ရနေသေးတဲ့ ကိုယ့်ကိုယ်ကိုလည်း ၀မ်းသာစရာလို့ပြောရမယ်ထင်ပါ့ ။စာပေဟာ မာကြောနေတဲ့ စိတ်ရိုင်းတွေကို ညင်သာစေတဲ့ လေပြေအေးလေးနဲ့ တူပါတယ် ။ မိတ်ဆွေတို့လည်း လေပြေအေးလေးကို ခံစားနိုင်ကြပါစေဗျာ ။


Friday, October 14, 2011

စာပေလုပ်အား


ခေါင်းစဉ်ကြီးက ကြီးကျယ်နေသလိုများဖြစ်နေသလားတော့မသိ ဒါပေမယ့် ဒီပို့စ်မှာ ဒီခေါင်းစဉ်လေးပဲ ပေးချင်လို့ပါ ။ စာပေလုပ်အား ကျနော်ကတော့ ဒီလို လုပ်အားလေး ပါခွင့်ရတဲ့အတွက် တကယ်ပဲ ၀မ်းသာကြည်နူးမိပါတယ် ။ ကျနော်တို့မဲဆောက်မှာ အများစုဟာ စာပေနဲ့ ဝေးနေကြတယ်လို့ထင်ပါတယ် အင်တာနက်နဲ့နီးစပ် စာကို တန်ဖိုးကြီးပေးဝယ်ရပေမယ့်လည်း စာမဖတ်ပဲ မနေနိုင်တာမို့ ၀ယ်ဖတ်တဲ့ သူတွေက အနည်းစုပါ ။ကိုယ်ဖတ်ရ မြင်ရတဲ့ သတင်းတွေကို သိစေချင်လို့ ပြောပြချင်ပေမယ့်လည်း ကိုယ့်ကို လေပေါကောင်ကြီးများ ထင်သွားမှာစိုးတာနဲ့ မပြောဖြစ်ပါဘူး အဲ့တော့ အကောင်းဆုံး သက်သေပြချက်က သူတို့ကို စာအဖြစ်နဲ့ ချပြလိုက်တာ အကောင်းဆုံးနည်းလမ်းပါ ။

မဲဆောက်မှာ နေလာတာ ၅ နှစ်ကျော်သာ ရှိခဲ့ပြီး ဘယ်လိုအသင်းဖွဲ့မျိုးမှာမှ ၀င်မပါခဲ့ပါဘူး ခေါင်းရှုပ်နားရှုပ်မယ့် ဒဏ်တွေကိုလည်းမခံနိုင်ပါဘူး အဲ့တာကြောင့် ကုတ်ကုတ်ကလေးပဲနေတယ် ။အရင်ပို့စ်တွေမှာ ရေးခဲ့ဖူးသလိုပဲ ကျနော်က ဘလော့ဂါ သာဆိုတယ် ဘလော့ရေးနေတဲ့အကြောင်းအပြင်မှာ သိတဲ့သူရှိရင် နေရတာ ရှက်တယ်ဆိုတာလေး အဲ့တာကြောင့် ဘယ်သူ့ကိုမှမပြောပဲ တိတ်တိတ်ကလေးပဲ ရေးပါတယ်း) ။ ဒီအဖွဲ့လေးမှာ လုပ်အားပေးဖြစ်ဖို့ အကြောင်းတိုက်ဆိုင်သွားတာက ကျနော့်ကို ထိုင်းစာသင်ပေးတဲ့ဆရာ့ကြောင့်ပါ ။ သူငယ်ချင်းတစ်ယောက်ရဲ့ စာတမ်းအတွက်ရေးပေးဖြစ်တဲ့ ပို့စ်လေး Shutter Island
ရေးပြီးတော့ အင်္ဂလိပ်လို ဘာသာပြန်ဖို့ အခက်ခဲရှိတာနဲ့ ကျောင်းမှာ ပြန်အကူညီတောင်းဖြစ်မှ ဆရာက သိသွားတာ မပြောပါနဲ့ဆိုတာကို သွားပြောလိုက်တဲ့ သူငယ်ချင်းကရှိသေးး) ဆရာက “ ဟ...ကိုမျိုး က ဒါမျိုးလည်းဖြစ်တယ်လား ” တဲ့ ပြီးတော့ ကောင်းတယ် ကောင်းတယ် ဆိုပြီး အားပေးတယ် ခုလည်း ဘလော့ကို သူမကြာမကြာ ၀င်ဖတ်ဖြစ်တယ် ပြောတယ် ကျေးဇူးပါ ကျနော့်ဆရာ ။

ပြီးခဲ့တဲ့ တနင်္ဂနွေကတော့ ဒီဂျာနယ်လေးမှာ ပါဝင်ကြမယ့်သူများရဲ့ ပထမဆုံး အစည်းဝေးပွဲလေးလုပ်ဖြစ်ကြပါတယ် ကျနော်လည်း သွားတက်ဖြစ်ပါတယ် ။ တကယ်လေးစားဖို့ကောင်းပါတယ် အများအားဖြင့် လူငယ်လေးတွေ ကျနော့်ထပ် ငယ်တဲ့ သူလေးတွေ အများကြီးပဲ ဒီအဖွဲ့လေးကိုစတင်လှုပ်ရှားတဲ့ ညီလေးဆိုရင် အသက်ကလေး ၁၉ နှစ်တည်းနဲ့ စာပေအကြောင်းပြောသွားတာ လက်ဖျားခါဖို့တောင်ကောင်းတယ် သူ့အိတ်ထဲက မုန့်ဖိုးလေးစု သူကိုယ်တိုင် ဒီဇိုင်းဆွဲနဲ့ တော်တော်လေး အပင်ပန်းခံခဲ့ရတာတွေ့တယ် ။ ဒီဇိုင်းပိုင်း တာဝန်ယူတဲ့သူ ဘလော့ဆောက်ဖို့အတွက် တာဝန်ယူတဲ့သူ ဖြန့်ချီရေးအတွက် ၊ကိုယ်တိုင် ကာတွန်းဆွဲမယ့်သူ ၊တာဝန်ယူသူ စုံလို့ပါပဲ လူအင်အားနည်းပေမယ့် တက်တက်ကြွကြွ လုပ်ကြတာလေးတွေ့ရတယ် လူကြီးပိုင်းတွေထဲကလည်း အကြံပေး အနေနဲ့ ဆရာတော်တစ်ပါး နဲ့ ဆရာကြီး ၂ယောက်လည်းပါပါတယ် ။

ဒီအဖွဲ့လေးက မအားတဲ့ကြားက ကိုယ်ကျိုးမဖက် ဘာအကျိုးမှ မမျှော်ပဲ စေတနာသက်သက်နဲ့ လုပ်ကြတဲ့ အဖွဲ့လေးမို့ ကျနော်လည်း ရေရှည်လုပ်အားပေးဖြစ်မှာပါ ပြီးတော့ ကျနော့်ရဲ့ ဘလော့ဂါ မိတ်ဆွေများဆီမှ သင့်တော်တဲ့ပို့စ်လေးတွေများတွေ့ခဲ့ရင်လည်း ကြိုတင်ခွင့်တောင်းပြီး စာမူ အလှူခံချင်ပါသေးတယ် ခွင့်ပြုမယ်ဆိုရင်ပေါ့ ။ စိတ်အဟာရ စာအဟာရ ပြည့်ဝစေဖို့ ကျနော်တို့ရဲ့ ခေတ်လူများ၏မှတ်စု ဂျာနယ်မှ ကြိုးစားပါအုံးမယ် ။ ဒီပို့စ်လေးနဲ့အတူ စာပေလုပ်အား ပါဝင်ခွင့်ပေးခဲ့တဲ့ ဆရာနှင့် ညီလေးစင်္ကြာ ကိုကျေးဇူးတင်ပါတယ်။

Wednesday, October 12, 2011

ရွာ့ပုံရိပ်


ကျနော်လည်း ပြန်ရောက်ကတည်း က ဒီ့ပြင်ရေးစရာတွေလည်း ဘာမှမရှိတာနဲ့ ရိုက်ခဲ့တဲ့ပုံတွေနဲ့ပဲ ဆားချက်နေတော့တယ် ။ ဒါပေမယ့် နှစ်သက်ကြမယ်ထင်ပါတယ် ကျနော် ရွာအကြောင်းတွေရေးတိုင်း အားပေးကြတဲ့သူတွေရှိနေတာမို့ပါ အထူးသဖြင့် (Gyidaw )း) ။ တကယ်တော့လည်း ကျနော့် ရွာကလေးက တကယ်ပဲ ကြီးကျယ်ခမ်းနားမှု ဘာမှမရှိပါဘူး အကယ်၍များ ရွာကို အလည်လာကြရင်များ ဘယ်တွေများလိုက်ပို့ရမှာပါလိမ့်လို့တွေးမိတယ် အိမ်ခြေကလည်း ၃၀ နီးပါးလောက်ပဲရှိတဲ့ ရွာသေးသေးလေး ဒါပေမယ့် ကျနော်ကတော့ ရွာကလေးနဲ့ ပက်သက်လို့ ဘယ်တော့မှ သိမ်ငယ်စိတ်မ၀င်ခဲ့ဖူးပါဘူး ကျောင်းတုန်းက သူငယ်ချင်းတွေ လိုက်လည်မယ်ဆိုရင် ” ကြိုပြောထားတာနော် ငါတို့ကဆင်းရဲတဲ့တောသားတွေ ရွာမှာလည်း ဘာမှမရှိဘူး ” အဲ့လိုကိုကြိုပြောထားတာပါ ။ ရွာကို ပြန်ရောက်တုန်း ရွာက သူတွေက “ ဘယ်တော့ပြန်ရောက်လဲ ၊ ထမင်းလာစားအုံးအိမ်မှာ ၊ ငါ့မောင်က ဖြူပြီးချောလာတယ်ဟဲ့ ၊ မိန်းမ မယူသေးဘူးလား လူပျိုကြီးရ ” ဒီလို ဒီလို ဟန်ဆောင်မှုကင်းတဲ့ နှုတ်ဆက်သံတွေနဲ့ ဆီးကြိုလို့ပါ ။


မိုးတွင်းဆိုတော့ အိမ်ရှေ့တွေမှာ ဗူးပင် ၊ ပဲတောင့်ရှည်ပင်တွေလည်းစိုက်ထားကြတာများတယ် ။

အသိ အစ်ကိုတစ်ယောက်ကပြောတယ် မောင်မျိုးက ကြက်တောင် အလွတ်မပေးပဲ ရိုက်လာပါလားတဲ့ ဘလော့ဂါဆိုတာ ဒီလိုပဲ မဲမဲမြင်ရာ ရိုက်ချင်နေတော့တာလို့ပြောလိုက်တယ် ဟုတ်တယ်မှတ်လားး)

စိမ်းစိုနေတဲ့ ရွာလမ်းကလေး ဟိုးလမ်းဆုံးမှာ ၀ါးရုံတောတွေရှိတယ် ။

ကွမ်းခြံတွေဘက် သွားတဲ့လမ်း ။

ဗူးစင် တော်တော် သန်တယ်ပြောရမယ် အကင်းလေးတွေလည်းထွက်နေတာ အများကြီးပဲ အညွန့်တွေလည်းသန်တယ် ။ ဆေးဖျန်းတာနည်းတော့ သဘာဝ အတိုင်းသီးတဲ့အသီးတွေမို့ စားရတာတော်တော် ကောင်းပါတယ် ။

ဆနွင်းပျိုးခင်း တော်တော်လှတယ် ကျနော်ရောက်သွားတဲ့အချိန်က ညနေခင်းလေးဆိုတော့ နေလည်းအေးနေပြီ လေကလေးကလည်း အေးအေး နဲ့ စိမ်းလန်းတဲ့ ဒီလိုမြင်ကွင်းမျိုးလေးတွေတွေ့ရတာ စိတ်ထဲကြည်နူးမိတာတော့အမှန်ပဲ ။


ဒါက ရွာမှာ ဧည့်သည်သွားလုပ်တုန်းက စားခဲ့တာလေး တော်တော်စားကောင်းတယ် ဗူးသီးဟင်းကလည်း ချိုနေတာပဲ ။အားလုံးလည်း စိတ်ဝင်စားရင် ၀င်တီးသွားကြပါအုံးး) ။


Tuesday, October 11, 2011

ကွမ်းပင်

ရွာကိုပြန်ရောက်တုန်း ကင်မရာလေးလည်းပါသွားတာနဲ့ ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်ခဲ့တယ် ပြီးတော့ များသောအားဖြင့် မြို့သားဘလော့ဂါ တွေများတဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတလေးတွေရစေချင်တာနဲ့ ကျနော်တို့မြို့ဘက် တောရွာတွေမှာ အများဆုံးစိုက်ပျိုကြတဲ့ ကွမ်းပင်တွေအကြောင်းပြောပြချင်ပါတယ် ။ ကွမ်းပင်လို့ဆိုလိုက်တာနဲ့ အပင်မြင့်မြင့် ထန်းပင် အသေးစားနဲ့တူတဲ့ ကွမ်းသီးပင်လို့ထင်တတ်ကြမှာပါ တကယ်တော့မဟုတ်ပါဘူး မြန်မာတွေအများဆုံး စားကြတဲ့ ကွမ်းယာမှာ အသုံးပြုတဲ့ ကွမ်းရွက်ပင်ပါ။ ကျနော်တို့မြို့ ရဲ့ အဓိက စီးပွားရေးထဲမှာ သူက နံပါတ် ၂ လောက်မှာ ပါတယ်ပြောရမယ် တောမှာနေတဲ့ သူတိုင်း ကွမ်းပင်စိုက်ကြလို့ပါ ။ အရင်ကတော့ ကြားဖူးနားဝရှိတာ ကျနော်တို့မြို့လေးကို ရာဘာမြို့တော် ငရုပ်ကောင်းမြို့တော်လို့ တင်းစားကြတယ်ဆိုလား ဒါပေမယ့် ရာဘာလိုကြီးကျယ်တဲ့လုပ်ငန်းမျိုးတွေက အစိုးရပိုင်းနဲ့ မြို့က သူဌေးပိုင်းတွေပဲ ပိုင်ဆိုင်ကြတာများတော့ ကျနော်နဲ့ မရင်းနှီးပါဘူး ကျနော်နဲ့ ရင်းနှီးတာက ကွမ်းပင် ။

ကွမ်းပင် တစ်ပင်က တကယ်ပဲ အကြမ်းခံတယ်လို့ထင်ရပေမယ့် ပိုးမွေးသလိုမွေးရပါတယ်။ သူ့ကို စိုက်ချင်ရင်လည်း အရင်းနှီးကများတယ် ပြီးတော့ထီထိုးတာနဲံ့လည်းဆင်နေပြန်ကော ဘာကြောင့်လည်းဆိုတော့ သူကပိုးကျရင်လည်း ရှုံးမယ် တက်နိုင်တဲ့သူတွေကတော့ အပင်ရည် ထောင်နဲ့ချီပြီးစိုက်ကြတယ် ။ ပြီးတော့ ကိုယ်စိုက်တဲ့နှစ် ဈေးမရရင်လည်းရှုံးမှာပဲ ။ကွမ်းစိုက်မယ်ဆိုရင် စိုက်မယ့် မြေကွက်ကို ပေါက်ရ မြေဆွရတယ် ပြီးရင် အကွက်ကလေးတွေ မြောင်းကလေးတွေ ဖေါ်ရတယ် ။ကွမ်းညွန့် ( ကွမ်းညွန့်ဆိုတာက အရင်နှစ်တွေမှာ အပင်ဟောင်းတွေဆီက ပြန်ပြီး မျိုးယူရတာမျိုးပါ သူကလည်းဈေးကောင်းတယ် ကွမ်းမျိုးကောင်းရင် ဈေးပိုရတယ် ခု ကာလပေါက်ဈေးနဲ့ တစ်ညွန့်ဘယ်လောက်ရှိလဲ ကျနော်လည်းမသိတော့ဘူး ဝေးနေတာလည်းကြာပြီမို့ပါ) ။ ကွမ်းညွန့်စိုက်မယ့်နေရာလေးမှာ မြေကွက်ကလေးတူးတယ် ပြီးတော့ မြေသြဇာ မြေချက် ( မြေကြီးကိုမီးဖုတ်ပြီး ပြာ အဖြစ်လုပ်ယူထားတဲ့အရာ ) နဲ့ နွားချေးကို ရောနှယ်ပြီး အဲ့မြေကွက်လေးထဲမှာ ကွမ်ပင်လေးကို ပျိုပါတယ် ပြီးတော့ တိုက်စိုက်တယ် ၀ါးတိုင်ပါ ။

ဒါက မသေတော့ဘူးလို့ပြောရမယ့် ရှင်သန်တဲ့ ကွမ်းပင်ပါ ကွမ်းပင်တစ်ပင်မှာ ညှာတံလေးက အရေးကြီးဆုံးပါ သူ့ကို ယုယုယယ ထားရပါတယ် သူနာသွားမျိုး ကျိုးသွားတာမျိုးဆိုရင်တော့ ဒီအပင်မရှင်နိုင်တော့ပါဘူး ။ ခြံရှင်တွေက သူခိုးရန် ပြီးတော့ ပိုးကျမယ့်ရန် တွေကိုလည်း ကြောက်ရတာမို့ ကွမ်းခြံတွကို ခြံစည်းရိုးနဲ့ခပ် သေချာစိုက်ပျိုး ဂရုစိုက်ရတာပါ တစ်ချို့ ယုတ်မာတဲ့ သူတွေကျတော့ ခြံထဲဝင်ပြီး အဲ့အညွန့်လေးတွေကြီးပဲ ချိုးသွားတတ်ကြတာပါ အဲ့တာဆိုရင်တော့ သေချာတယ် အဲ့ခြံရှင် အော်ငိုတော့မှာ ။


ဒါကတော့ နောက်ထပ် လပိုင်းလောက်ဆို ခူးလို့ရပြီဖြစ်တဲ့ ကွမ်းရွက်လေးပါ ။






အထက်ပုံတွေကတော့ ကွမ်းခြံကွက်တွေပါ ။ ဒီမှာတော့ မြောင်းပဲဖေါ်ရသေးတယ် အကွက်မဖေါ်ရသေးပါဘူး ။ ကျနော်တို့ဘက်က အခေါ်ကတော့ ဒီနှစ်မှစိုက်တဲ့အပင် ကွမ်းသစ်ပေါ့ သူ့ရဲ့ စစချင်းခူးတဲ့ အရွက်တွေက သိပ်တော့ ဈေးမရသေးဘူး ပွဲတွေမှာသွင်းရင်လည်း ကွမ်းသစ် ကွမ်းဟောင်းခွဲပြီး ဈေးက ၂ မျိုးရှိပါတယ် ။ အဓိကတင်ပို့တာက ပဲခူး ရန်ကုန်ဘက်ကိုပါ ။ ဒီကွမ်းပင်တွေ သန်မာလာပြီဆိုရင်တော့ ငြမ်းစင်ရပါတယ် (စာလုံးပေါင်းမသိဘူး မှားမယ်ထင်တယ် ) ။ အဲ့အခါကျ ခြုံတွေကို ၀ယ်ရပါတယ် အပေါ်က အမိုးလိုမျိုးနဲ့ နေပူဒဏ်ခံနိုင်အောင်လုပ်ပေး ပြီးတော့ နေထိုးမယ့်ဘက်ကို အကာလိုမျိုး လုပ်ပေးရတယ် ။ စိုက်ပျိုးတာက မိုးရာသီမှာစိုက်တယ် ကွမ်းဈေးအကောင်းဆုံးအချိန်က နွေရာသီ ဘာလို့လည်းဆိုတော့ နေပူဒဏ်ကြောင့် ကွမ်းအသေများတတ်တယ် အဲ့တော့ ကွမ်းရှာရင် ဈေးပိုရတာပေါ့ ။အဲ့တော့ နွေရာသီရောက်ရင် ကွမ်းရေပေးရတာမျိုးလည်း ၂ ပါတ်တစ်ခါလောက်လုပ်ပေးရပါတယ် ကြားမှာ ကွမ်းစာ ( ၀ဲ ) ကျွေးရတာမျိုးလည်း လုပ်ရတာ ဒါကြောင့် ကွမ်းက အရင်းနှီးများလို့ တော်ရုံ ငွေမနိုင်တဲ့သူတွေလည်း ကွမ်းမစိုက်နိုင်ကြပါဘူး ။ကွမ်းခြံဟောင်းတွေကိုတော့ မရောက်ဖြစ်လို့ မရိုက်ခဲ့ရဘူး ။


ဒါကတော့ ရောင်းတန်းဝင်ပြီပြောရမယ့် ကွမ်းလိပ်တွေပါ ၅၀ သားအလိပ် ။ ဒီအဆင့်ကိုရောက်ဖို့ ဆိုရင် ကွမ်းခူးသမား ငှားရမယ် အပင်မြင့်တွေကို လှေခါးထောင်ပြီးတက်ခူးရတယ် သူတို့ ခူးလာတဲ့ အရွက်တွေကို ရေပြောင်အောင်ဆေး ပြီးရင် စီတဲ့သူက စီ ဒီလိုအလိပ်လေးတွေဖြစ်ဖို့ လိပ်တဲ့သူကလိပ်ရပါတယ် သူကလည်း ပညာတော့လိုတယ် ပယ်ကွမ်း ( အရွက်သေးလေးတွေ ၀ါနေတဲ့ အရွက်လေးတွေ ဘေးမှာ သပ်သပ်ဖယ်ထုတ်ရတယ် ) ကိုသပ်သပ်ဖယ် အရွက်သန့် အရွက်ရွယ်တူးလေးတွေကို ရွေးစီရတာမျိုး ရွာဘက်က ကွမ်းစီ ကွမ်းခူး တဲ့ အဒေါ်ကြီးတွေကတော့ လုပ်သက်တွေရင့်လို့ သူတို့ ကွမ်းစီတာ သိပ်မြန်ပါတယ် စက်ကလေးကျနေတာပဲ စီသွားတာ ။ လိပ်တဲ့သူကလည်း လိပ်တတ်မှ မဟုတ်ရင် ကွမ်းလိပ်က ပြဲပြဲကြီးဖြစ်သွားတတ်တယ် ကွမ်းရွက်ကောင်းပေမယ့် မလိပ်တတ်ရင် ကွမ်းလိပ်က မလှတော့ ဈေးလျှော့ခံရတာမျိုးလည်းရှိပါတယ် ။ ကွမ်းကို ရေများများစွတ်ရတယ် တစ်ချို့ကလည်း ရေတွေ တအားစွတ်ပြီး ၅၀ သားအလိပ်မှာ ကွမ်းသားက ၃၀ သားလောက်ပဲ ပါတာမျိုးလည်းရှိတယ် ။ ဒီအလိပ်လေးတွေကို ရေဖျန်းပြီးရင် ခြင်းထဲကို ငှက်ပျော်ရွက်တွေ ခံပြီး ကွမ်းရွက်မနာဖို့ထည့် ဒါဆိုရင်တော့ ရောင်းတန်းဝင်တဲ့ ကွမ်းရွက်တွေရပါပြီ ။

ကြုံများကြုံခဲ့ရင်တော့ သူငယ်ချင်းတွေကို ကွမ်းခြံထဲအလည်ခေါ်လို့ မသိတသိနဲ့ လုံးတုတ် ပတ်တုတ်ပြီး ဆရာကြီးလေသံနဲ့ ရှင်းပြချင်ပါသေးတယ် ကျနော်ကလည်း ခပ်ညံ့ညံ့တောသားဗျး) ။ ဗဟုသုတ ရစေလိုတဲ့အတွက် တင်ပေးလိုက်ပါတယ် မသိတာရှိ မရှင်းတာရှိ မေးပါ ကော့မန့်မှာ ပြန်ဖြေပေးပါမယ် ကျေးဇူးတင်ပါတယ် ။



Sunday, October 9, 2011

အမေ့အိမ်သို့အပြန်

အမေ့အိမ်ကို အစီအစဉ်မရှိပါပဲ ဗြုန်းစားကြီး ပြန်သွားခဲ့တယ် အမေနေမကောင်းဘူးတဲ့ တကယ်ပဲစိတ်ပူပါတယ် အမေက အိုပြီလို့ပြောရမလား ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကို ဖြတ်သန်းခဲ့ရတာတွေများတော့ ဒီနှစ်တွေအတွင်း မကြာမကြာ ကျန်းမာရေးချို့ပါတယ် ။ အဝေးရောက်နေတဲ့ ကျနော့်အတွက်တော့ အမြဲတမ်း အမေ့ကိုစိတ်ပူနေရတာပေါ့ ။ လူကြုံက သတင်းပြောတည်းက လူက နေမရတော့ဘူး အမေ့ဆီကို ချက်ချင်းပဲ ပြေးသွားချင်စိတ်ပေါက်မိပါတယ် ပြီးတော့ အမေတစ်ခုခုဖြစ်မှာ သိပ်စိုးရိမ်ပါတယ် ကျနော့်ကိုတွေ့ရင် အမေများ အားတက်သွားမလားလို့ အတွေးလည်းဝင်မိတယ် ဘာကြောင့်ဆို အမေက အနီးမှာရှိနေတဲ့ သမီးတွေထပ် အဝေးက သားတွေကို ပိုချစ်တတ်တာ ကျနော်သိလို့ပါ ။ အမေနေမကောင်းကြောင်း အစ်ကို့ဆီဖုန်းဆက်တော့ အစ်ကိုကလည်းပြန်မယ်ဆိုတာနဲ့ ညီကိုနှစ်ယောက် အမေ့အိမ် အရောက်ပြန်ခဲ့ကြတာပေါ့ ။
အာရုံကြော ယောင်တဲ့ရောဂါ တဲ့ ကျနော်လည်းရောက်တုန်းလေး မြို့မှာ ဆေးခန်းကြီးကြီးလည်းမရှိတာနဲ့ ကျနော် အမေ့ကို ပဲခူးက ဆေးခန်းကြီးကို သွားပို့ပေးဖြစ်တယ် ဒါက အမေ့ရဲ့ ဆေးစာအုပ်လေးပါ ။


ရောက်တုန်းလေး ၀ါဝင်တုန်းကလည်း အဆင်မပြေတော့ အမေ့အတွက် ၀ါဆိုသင်္ကန်လေးလည်း မကပ်ပေးလိုက်ရဘူး အခုတော့ အမေက အကုန်ကျတွေများပါတယ် မလုပ်ပါနဲ့တားပေမယ့် ရောက်တုန်းလေးဆိုတော့ အမေ့ကို အလှူကလေးလည်းပေးလုပ်စေချင်တယ် အကြီးကျယ်ကြီးတော့မဟုတ်ပါဘူး ရွာမှာပဲ ၀ါဆိုသင်္ကန်ကပ်ပြီး ရွာထဲကသူတွေနဲ့ ဆွေမျိုးနီးစပ်တွေ နည်းနည်းပါးပါး ပါ ။ ဒီပုံကတော့ အဘ ၊ အမေ ၊ အစ်ကိုငယ်နဲ့ ကျနော် ဆရာတော်ကို မုန့်ဟင်းခါးဆွမ်းကပ်တာပါ ။




ကျနော်တို့ရဲ့ အဖိုးလေး နဲ့ ရွာကလူကြီးပိုင်းတွေပါ ။
ဖွားလေး နဲ့ အကြီးတွေ အဒေါ်လေးတွေ ။



ရွာက ဧည့်သည်တွေ ။

ရွာက ကာလသားပေါက်စလေးတွေ အိမ်က ကျဉ်းတော့ အပေါ်မှာ မဆန့်လို့ အောက်မှာ ဒီလိုပဲစားကြရတယ် ဒါကတော့ ရွာဓလေ့လေးပါပဲ ။

ခလေးတွေလည်း တူတူပဲ ပေတလူးလေးတွေ ငန်တယ်လည်းမပြောဘူး ပေါ့တယ်လည်းမပြောဘူး စိတ်ချမ်းသာဖို့ကောင်းတယ် လှူရတား)




အမေ့ နားရောက်တုန်း အမေ့မြေး လူဆိုးလေးတစ်ကောင်ရဲ့ အကိုက်ခံရ ဆံပင်ဆွဲခံရပေမယ့်လည်း ကျနော်ကတော့ အမေးနား ပူးပူးကပ်ကပ်နဲ့ အနာခံပြီးနေခဲ့တာပဲ ကျနော့်ပုံတွေအားနာလို့ မတင်တော့ဘူးလို့ တွေးထားပေမယ့်လည်း ကျနော့်ရဲ့ ပို့စ်တွေထဲမှာ ရင်းနှီးနေကြတဲ့ ကျနော့်ရဲ့ အမေ နဲ့ အမှတ်တရ ပုံလေးပဲ အားလုံးရင်းနှီးနေကြတဲ့ အမေပြုံး နဲ့ သူ့ရဲ့ သား ကျနော်ပါး)

အမေ နေကောင်းသက်သာပြီမို့ ကျနော် မနေ့က ပြန်ရောက်ပါတယ် အမေ့ကို အထပ်ထပ်မှာ အမေက အထပ်ထပ်မှာနဲ့ ကျနော့်ရဲ့ အိမ်ပြန်ခရီးလေး ပျော်ရွှင်ခဲ့ရတာကို ကြည်နူးမိပါတယ် ။ ပြောပြစရာတွေ အများကြီးပါလာခဲ့တယ် ပြောချင်တာတွေ များလွန်းလို့ ဘယ်က စပြောရမှန်းတောင်မသိတော့ဘူး အမေ့သတင်းမေးကြ ဆုတောင်ပေးကြတဲ့ ဖေ့ဘွတ်က သူငယ်ချင်းတွေ အားလုံးကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ ။ရွာက ပုံတွေတင်ပါအုံးမယ် အားလုံးကို ကျေးဇူးတင်လျှက် လှူခဲ့ရတဲ့အလှူအတွက် သူငယ်ချင်းတွေ အားလုံးကိုလည်း ကုသိုလ်တွေ ဝေမျှပါတယ်ခင်ဗျာ ။

LinkWithin

Related Posts Plugin for WordPress, Blogger...