Friday, April 20, 2012

ပြောပြချင်တာတွေလည်း အများကြီးပဲ .....

ပြောပြချင်တာတွေလည်း အများကြီးပဲ တစ်ခါတလေ များလွန်းလို့ ဘယ်က စပြောရမှန်းတောင်မသိဖြစ်တတ်တာပေါ့း) ဘာလိုလိုနဲ့ ကျနော်လည်း ကျနော့် ဘလော့လေးကို ပစ်ထားမိတာ တော်တော်ကြာသွားတယ် ဘလော့တွေလည်းမလည်ဖြစ် စာအသစ်တွေလည်းမဖတ်နိုင် ။

ပြောပြချင်တာတွေလည်း အများကြီးပဲ ဒီလဆန်းလောက်ကတည်းက ကျနော် အိမ်ပြန်ဖြစ်သွားတာ ဗြုန်းစားကြီး ဒါပေမယ့် သင်္ကြန်ရက်အတွင်း အမေနဲ့ ပြန်နေခွင့်ရတဲ့ အခွင့်ရေးလေး ပေးသနားတဲ့ ချစ်လှစွာသော ဘော့စ်ကို ကျေးဇူးအများကြီးတင်ပါတယ် ။ သင်္ကြန်ရက်အတွင်း ကိုယ်က တကယ့် ဒိတ်အောက်ကြီးလိုပါပဲ တူတွေနဲ့လည်း မလည်ချင်တော့ ကိုယ့်ပါသာ အိမ်တွင်းအောင်းနေရတဲ့အဖြစ် တိုက်တိုက်ဆိုင်ဆိုင် စတိတ်ကျောင်းတုန်းက သူငယ်ချင်းက လာခေါ်တာနဲ့ အတက်နေ့မှာ သင်္ကြန်ရေကစားထွက်ဖြစ်ပါတယ်း) အဖြစ်ကတော့ မနှစ်ကနဲ့မတူ ကျနော်တို့အရပ်ဖက်က နယ်မြို့ပဲဆိုတော့ သိပ်ပြီး ရေကစားကြတာ မယဉ်ကြဘူး ခွက်စောင်းခုတ်တာတို့ သနပ်ခါးလူးရင် ဆိုင်ကယ်နဲ့ အရှိန်နဲ့လာနေလည်း လှမ်းပုတ်ထည့်လိုက်တာလို့ ဆိုးပါတယ် အတက်နေ့က ရေကစားထွက်တဲ့ မင်းသားလေး ကျနော့်ကို ခွက်စောင်းတင် မဟုတ်ပဲ ရေပုံးလောက် စောင်းခုတ်ထွက်လိုက်တာ အကောင်းသေးသေး ကျနော် ဆိုက်ကယ်ပေါ်က ပြုတ်ကျ နေကပူ ရေငန်က အေးပြီး စပ်နဲ့ မို့ တစ်ရက်ပဲလည် တစ်ရက်ပဲ ဆေးခန်းရောက်သွားပါတော့တယ်ဗျာ ။
ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုကဲကြတယ်း)

ပြောပြချင်တာတွေလည်း အများကြီးပဲ အလုပ်ကိစ္စလေးနဲ့ရန်ကုန်ရောက်သွားတာ အသိသူငယ်ချင်းရန်ကုန်မှာမရှိတဲ့ ကျနော် ဖေ့ဘွတ်က စာဖတ်သူ အစ်မတစ်ယောက်ရဲ့ အိမ်မှာ ခပ်တည်တည် သွားတည်းလိုက်တာပေါ့း) ( ဆိုးတယ်နော့် ) သဘော ကောင်းတဲ့ အစ်မက စာအုပ်လည်းလက်ဆောင်ပေး ဒန်ပေါက်တွေ မုန့်ဟင်းခါးတွေလည်း ချက်ကျွေးလိုက်တယ် ကျေးဇူးတင်တယ် မသူဇာ ။
မနက်စာ မုန့်ဟင်းခါး
ညစာ နီလာဒန်ပေါက်လည်းဝယ်ကျွေးသေးတယ် ။
တစ်ခါတုန်းက အမှတ်တမဲ့ ပြောဖူးတယ် ပဲပြုတ်ဆီဆမ်းလေးစားချင်လိုက်တာလို့ အစ်မနဲ့တွေ့တော့ အဲ့တာမေ့နေတာ သေချာလေးပြင်ဆင်ပြီး ကျွေးတော့ ကျေးဇူးလည်းတင် အားလည်းနာလိုက်တာ


ပြောပြချင်တာတွေလည်း အများကြီးပဲ အမေနဲ့ ပြန်တွေ့တော့ ၀မ်းသာသွားအောင် ဖုန်းမဆက်ပဲ ပြန်သွားလိုက်တယ် ကျနော့်ကိုတွေ့တော့ အမေက အကြောင်းမကြား ဘာမကြားနဲ့တဲ့ တစ်ခေါက်ပြန်လို့ တွေ့တိုင်း အမေက ပိုပို အိုစာသွားသလိုပါပဲ မပြောင်းလဲသေးပဲ နုပျိုနေသေးတာဆိုလို့ အမေ့ရဲ့ မေတ္တာတရားတွေပါပဲ ကျနော်စားချင်တယ်ဆိုလို့ ဘူးသီးနဲ့ကြက်သားရယ် ပြီးတော့ သရက်သီး အရိုင်းသုတ်လေးလည်း သုတ်ကျွေးလိုက်သေးတယ် အမေက သိပ်ချစ်ဖို့ကောင်းတား)
ဘူးသီးနုနုနဲ့ ကြက်သား အဲ့နေ့က အမေ နဲ့ တူတူဈေးသွားကြတယ် ။
ဒါက သရက်သီးသုတ်ဗျာ စားကောင်းမှကောင်း ။

ပြောပြချင်တာတွေလည်း အများကြီးပဲ ဘလော့နဲ့ပက်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပါပဲ ပြောရင်ကုန်မှာကိုမဟုတ် ကျနော် ပြောပြချင်တာက ဘလော့ဂါတွေက တစ်ယောက်နဲ့တစ်ယောက် ထူးဆန်းစွာနဲ့ ခင်မင်မှုတွေ ရှိတတ်ကြတယ်ဆိုတာပါ ။ မနိုင်း ကို စာအုပ်လက်မှတ်ထိုးပွဲတုန်းက သွားနှုတ်ဆက်ဖူးတာက လွဲလို့ စကားလည်းကြာကြာ မပြောဖူးပါဘူး ။ မေးလ် တော့ တစ်ခါတလေ အဆက်သွယ်ရှိတယ် ။ တဂ်ပို့စ်လေး တစ်ခုမှာ ( အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ...... တဲ့ ကျနော် အမေ့အိမ်ဝန်းထဲက ရေတွင်းလေးကို ခလေးတွေရေခပ်တဲ့အခါ စိတ်ပူလို့ အုတ်ရေတွင်းကလေး လုပ်ပေးချင်တယ်ဗျ ဒီနေ့ပဲ အိမ်နဲ့ဖုန်းပြောဖြစ်လို့ မှာလိုက်သေးတယ် ပန်းရံဆရာမေးပြီး ကျနော့်ကိုဖုန်းပြန်ဆက်ပေးလို့ ကျန်တာတွေတော့ ဖြစ်ချင်တာသိပ်မရှိလှပါဘူး ။ ) ဆိုပြီးရေးဖူးပါတယ် အမှတ်တမဲ့ပါပဲ အဲ့တာ မနိုင်း က သူလှူပါရစေတဲ့ ကျေးဇူးလည်းတင်တယ် အားလည်နာတယ် ပြီးတော့ အစ်မက တစ်မျိုးမထင်စေချင်ဘူး ရွာမှာနေခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ လှူချင်စိတ်ကလေးဖြစ်လို့ပါဆိုတော့ ကျနော်လည်း လက်ခံလိုက်ပါတယ် မနိုင်းကို ကျေးဇူး အများကြီးတင်ပါတယ် ရေတွင်းပြီးတဲ့နေ့က အိမ်မှာ ဆန်ပြုတ်လည်း ခလေးတွေကိုတိုက်လိုက်တယ် ပိုတဲ့ ပိုက်ဆံလေးနဲ့ အမေကတော့ မေးသား နိုင်းနိုင်းစနေ ဆိုတဲ့ ဘယ်ကကောင်လေးတုန်းဟဲ့ တဲ့း) ရွာက ခလေးတွေကတော့ အဲ့တာ ဇာတ်လိုက် နာမည်တဲ့ ကျနော်ကတော့ ပြုံးပဲ ပြုံးနေလိုက်တယ် ။
ရွာရောက်တော့ ဓာတ်ပုံရိုက်ခဲ့တယ် ကျနော်တို့ခြံဝန်းကလေးထဲက မနိုင်းလှူတဲ့ အုတ်ရေတွင်းကလေးပါ ။


ပြောပြချင်တာတွေလည်း အများကြီးပဲ နောက်တော့ ပြောပြအုံးမယ်ဗျာ မောလို့ ခဏ နားအုံးမယ် ။ မင်္ဂလာနှစ်သစ်ပါလို့ နောက်ကျစွာ မိတ်ဆွေများကို ဆုတောင်းပါတယ်း)) ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေဗျာ ။







Sunday, April 1, 2012

ဟိုအရင်ကသင်္ကြန်


လေးလပိုင်းဖက် အစွန်းထွက်ပြီဆိုရင် လူက အကြောင်းမဲ့သက်သက် ရင်ခုန်လာပြီ။ ဒါပေမယ့် စည်းချက်တွေက အခုခေတ်နဲ့ မကိုက်ညီတော့။ ဟိုအရင်က သင်္ကြန်ဆိုတာ ငယ်ငယ်တုန်းက ဖြတ်ကျော်ဖူးတဲ့သင်္ကြန်ပေါ့…


ပထမဆုံး သင်္ကြန်မတိုင်ခင် ရခဲ့ဖူးတာက ရေဖလား။ အဒေါ်တွေက အစိုးရရေလာတဲ့အချိန် (အဝီစိတွင်းက ရေငှင်ထားတာမျိုး မဟုတ်ပဲ အချိန်နဲ့ဖြန့်ဝေပေးတဲ့ရေကို အရပ်ခေါ်ခေါ်တာပါ) ရေစုပေးထားပြီး သင်္ကြန်စကျတဲ့ မနက်မှာ အိမ်ရှေ့တည့်တည့် အဝတ်လျှော်ဇလုံ (စက်မှု ၁ ထုတ်) နဲ့ ရေတွေထည့်ထည့်ပေးပါတယ်။ ဝယ်ပေးတဲ့ရေဖလားနဲ့ ပက်နိုင်သလောက်ပက်ပေါ့။ ပက်ရတာက နည်းနည်း ကိုယ့်ကိုကိုယ် ရေလောင်းမိတာကများများပါ။


တချို့နှစ်တွေမှာ အိမ်နားက ကလေးတွေအတွက် မဏ္ဍပ်လေးဘာလေး ထိုးပေးတတ်ကြပြန်သေးတယ်။ လေးလုံးခြောက်ဖက် မဏ္ဍပ်ကြီးတွေ မဟုတ်ပဲ အိမ်ရှေ့ အုန်းပင်က အုန်းလက်လေးတွေကို လေးကွက်ကြားတိုင်ထူပြီး မဏပ်လုပ်တာပါ။ သင်္ကြန်ပြီးတော့ အဲ့ဒါကိုပဲ စတုဓိသာမဏ္ဍပ်ဆိုပြီးလည်း လုပ်ကြပြန်သေးတယ်။ ကြီးသလားဆိုတော့ သိပ်မကြီးပါဘူး တိုင်ကီ သုံးလုံးလောက်ငှရုံပေါ့။

ဥပုသ်သည်၊ ဈေးသည်၊ ဝန်ထမ်း၊ ရဟန်းသံဃာများကို ရေမပက်ဖို့ သိတတ်စအရွယ်မှာ စပြီး ပြောထားကြပါတယ်။ ကိုယ်တို့တွေအကြိုက်ဆုံးက သင်္ကြန်ကား၊ မြင်းလှည်း အလာကိုပါ။ အရင်တုန်းက ကားသိပ်မပေါသေးတော့ ဂျစ်ကားလေး တစီးနှစ်စီးဖြတ်ဖို့ နေကုန်အောင် စောင့်ပက်ရတာ။ မြင်းလှည်းကတော့ ဟောတစီး ဟောတစီး။ အဲ့ဒီကားတွေ မြင်းလှည်းတွေကို ၂လပိုင်းကုန်လောက်ကတည်း သူတို့မှာ စုငှားကြရတာတဲ့။ သင်္ကြန်မတိုင်ခင် ကားနဲ့မြင်းလှည်းကို အလှပြင်ဆင်ဖို့ ဒီဇိုင်းတွေ ဘာတွေဆွဲပေါ့။ ဘာမောင်၊ ညာမောင် စာတန်းတွေနဲ့ မချစ်ရင် ပစ်မယ်ဆိုတဲ့ ရေပြွတ်သေနတ်ကြီးတွေ တကိုင်ကိုင်။ အဝတ်အစားအဆန်းတွေနဲ့ မျက်နှာတွေမှာလည်း ခြယ်လို့သလို့။ မူးတဲ့သူ သိပ်တော့မများခဲ့သေးဘူး။

ရပ်ကွက်ထဲက အပျိုချောတွေနဲ့ အတူရေကစားရတဲ့အခါကြတော့ ရေမွှေးနံ့ကို မွှန်ထူလို့။ စပရေးဖြန်းတဲ့ဗူးနဲ့မဟုတ်ပဲ ရေပြွတ်သေနတ်အသေးစားလေးတွေထဲကို ရေမွှေးဖြန်းပြီး ပက်ကြတဲ့ခေတ်။ ရေခဲရေ၊ ပူစီဗောင်း၊ ဆပ်ပြာမှုန့်တွေနဲ့ ပက်တဲ့ခေတ်မရောက်သေးဘူး။


၇နှစ် ၈နှစ်ရောက်တော့ ရေပြွတ်နဲ့ပက်ပြီ။ အိမ်ကနေ ရေပက်တာမဟုတ်တော့ဘူး။ လွယ်အိတ်ထဲကို မိုလာတဗူးနဲ့ရေအပြည့်ထည့် ပြီးတော့ လွယ်အိတ်ကြိုးနှစ်ခုကို ပုခုံးနှစ်ဘက်မှာ လှန်ချလိုက်တဲ့အခါ ကျောပိုးအိတ်လိုလို။ သူငယ်ချင်းတွေစုပြီး ကိုယ့်ရပ်ကွက်တွင် မကပဲ မဏ္ဍပ်တွေပါ လှည့်တတ်လာပြီ။ ကိုယ်လိုအဖွဲ့နှစ်ဖွဲ့တွေပြီဆို ရေသင်္ကြန်စစ်ပွဲ။ ဗူးထဲက ရေကုန်ပြီဆိုရင် တိုင်ကီပြေးရှာပြီး ရေထည့်ပေတော့။ မဏ္ဍပ်က ပိုက်နဲ့ပက်ရင် ပိုက်သမားကို မျက်နှာချိုသွေးပြီး ရေဖြည့်ခိုင်းတာပါပဲ။ ပြီးတော့ မဏ္ဍပ်ပေါ်ပြန်ပက် ဟုတ်လို့ပေါ့။ စင်ပေါ်က သီချင်းဆိုနေတဲ့ ကောင်မလေးကို ရောက်မရောက်တော့ မသိဘူး ပက်တာတော့ ပက်ပစ်ခဲ့တာပဲ။ မှတ်မှတ်ရရ အဖေ့ဘကြီးဆီက ကြေးရေပြွတ်တချောင်း ရဘူးတယ်။ သူကတော့ ကားရေဆေးတာ ကိုယ်ကတော့ ရေပက်ဖို့။ အဝေးတော့အတော်ရောက်ပေမယ့် ရေပြွတ်ထဲ ရေတခါ ထည့်ရတာတင် အတော်လေး လက်ဝင်တယ်။ အခုထိ အိမ်မှာ အမှတ်တရသိမ်းထားသေးတယ်။


ရေပြွတ်ကာလ လွန်ပြန်တော့ ၊ ကားနဲ့လည်တဲ့ခေတ်ရောက်သွားပြီ။ ကားတွေကလည်း ဖေါခြင်းသောခြင်း။

အိမ်တွင်းပုန်းတဲ့ အပျိုတွေ မုဆိုးဖိုနဲ့ ရပါစေ

အမေ့ချွေးမပျောက်လို့ ရှာတွေ့ပြီတွေ့ပြီ သူပဲသူပဲ

ပိုက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့

စတဲ့ လူငယ်သဘာဝ အော်နည်းပေါင်းစုံတွေနဲ့ ပျော်တတ်လာတယ်။

များသောအားဖြင့်တော့ မန္တလေးမှာ နှစ်တိုင်းသင်္ကြန်ကျဖြစ်တယ်။ တနှစ်ပဲ မဏပ်ထိုင်ခဲ့တယ်။ ကျန်တဲ့နှစ်တွေအားလုံး မလည်တဲ့နေ့မရှိ။ မနက်ဆို ခြောက်နာရီလောက်ထ ကျုံးဘေးမှာ စီပေရော့ နေကုန်။ ကားနားကဖြတ်သွားတဲ့ အကင်လား အကြော်လား စားပြီး ဝမ်းမီးငြိမ်းရတယ်။ ဟော ညဆိုပြန်တော့ ဖြစ်သလို ကြက်ဥကြော်နဲ့ပြီးလိုက်တာပဲ။ နောက်ကျလို့မဖြစ်ဘူး အကမဏပ်တွေကို ကြည့်ဖို့ ကားနဲ့တခါပြန်စီ။ ပြောလို့ပြောတာ မဟုတ်ဘူး အကမှာ မန္တလေးက ယဉ်တယ်။ ဇိုးဇိုးဇက်ဇက် စည်းချက်နဲ့လိုက်ကတာမျိုး မဟုတ်ပဲ လက်ဖြင့်လက်၊ ခြေဖြင့်ခြေ၊ ခေါင်းဖြင့်ခေါင်း ယဉ်နေအောင်ကပါတယ်။ အမာစိန်များ လက်ချောင်းလေးတွေ ဝိုက်ပြီးကလိုက်ရင် အသက်ရှူဖို့တောင် မေ့မေ့နေတဲ့အထိကို ယဉ်ပါတယ်။ မနက်တော့ မော်တော်ပီကေတွေနဲ့ ကိစ္စပြီး၊ ညကျတော့ ဦးဇင်းတွေနဲ့တင် အငြိမ်။ မန္တလေးလူထုက ရဟန်းသာံကို အဲ့လောက်ချစ်ပါတယ်။


မေမြို့ဖက်တက်ချင်လည်းတက်၊ ဦးပိန်မှာ တထောက်နားချင်လည်းနားကြတယ်။ ဦးပိန်မှာတော့ ညနေဖက် အကြော်လေးနဲ့ စားစရာလေးတွေ ရတတ်တယ်။ မေမြို့တက်လမ်းတလျှောက်လည်း သီချင်းအော်ဆိုပြီး တက်သွားကြတာပါပဲ။ မေမြို့မှာတော့ ပိတောက်သိပ်မတွေ့ဖြစ်ဘူး။ ရေပက်တာလည်း မန္တလေးလောက် မများလှဘူးပေါ့။


သင်္ကြန်တွင်း ခရီးသွားကြတာလည်း တမျိုးပျော်စရာကောင်းပါတယ်။ အဝတ်တွေတော့ စိုလို့ပေါ့။ ရထားနဲ့သွားတဲ့သူတွေဆို သုံးလပိုင်းလောက်ကတည်းက ရထားဘူတာကစထွက်ရင် ရေပက်ပြီ။ အရပ်ဒေသကိုလိုက်ပြီးလည်း ရေပက်တဲ့အချိန်က မူကွဲသေးတယ်။ တချို့အရပ်တွေက အကြိုနေ့မှာ ရေစပက်နေပြီ။ မန္တလေးဖက်က မပက်ရသေး။ မကွေးဖက်ကျ နှစ်ဆန်းတရက်နေ့မှာပါ ရေပက်ပါတယ်။ နောက်ပိုင်းတော့ ခြောက်နာရီကျော် ရေမပက်ရ ဆိုတာတွေနဲ့ အရပ်ဒေသအားလုံးလည်း တပြေးညီဖြစ်ကုန်ရော။


၃လပိုင်းလောက်ကတည်းက မြန်မာ့အသံ (အဲ့ဒီတုန်းက မြန်မာအသံတခုပဲ ရှိခဲ့တာ) သင်္ကြန်အဆိုအကတွေကို မမောတမ်းကြည့်။ ခုခေတ်လို ကာရာအိုကေဆိုတာ မပေါ်သေးတော့ အာပြဲလျှာပြဲနဲ့ပဲ ရပ်ကွက်ထဲမှာအော်ပေါ့။ တချို့နှစ်တွေမှာတော့ စင်တင်ဂီတတွေဘာတွေ ရပ်ကွက်က လုပ်ပေးတယ်။ စင်ပေါ်တော့ မတက်ရဲပါဘူး ကိုယ့် အကြောင်းကိုသိပါတယ်။


ပျောက်ဆုံးသွားပြီဖြစ်တဲ့ သင်္ကြန်သံချပ်။ လေလေလေလား မောင်ရို့ ဆို ဝါးလက်ခုတ်လေး ပြေးတီးလိုက်ချင်သေးတာ။ အရင်တုန်းက လူကြီးတွေများ တယ်လည်း အကဲ့ရဲ့ခံနိုင်တယ်လို့ ချီးကျူးမိတယ်။


နှစ်ဆန်းတရက်နေ့၊ အတာအိုးတွေ ရောင်းကောင်းပြီး ကိုယ်တွေကတော့ တရပ်ကွက်လုံးက ကံကော်ပင်၊ မြေဇာပင်တွေ ရှာပေးရတာနဲ့တင် ပင်ပန်းလှပြီ။ မနက်ပိုင်း ဖိုးဖွားတွေကိုသန့်ရှင်းရေးကုသိုလ်ယူကြ ပြီးတော့ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေမှာ အစည်ကားဆုံးနေ့။ ချမ်းသာကြီးဘုရားမှာ နှစ်တိုင်း ကျင်းပမြဲ နွားဘေးမဲ့လွှတ်ပဲ။ အိမ်တွေက ဘုရားဆင်းထုတွေကို အမွှေးနံ့သာတွေနဲ့ ဖြန်းပက်ပူဇော်ကြပြန်သေးတယ်။


အခုတော့ ဒါတွေ အားလုံး ဟိုအရင်က သင်္ကြန်အဖြစ်နဲ့ပဲ ကျန်ရစ်နေတော့တယ်။ ကဲ.. ဒီတနှစ်တော့ သင်္ကြန်လာပြန်ဦးမယ်ပေါ့..။



P>S = စာဖတ်သူ ...................................... ရေးသည် ။

LinkWithin

Related Posts Plugin for WordPress, Blogger...